PSM (News)

စက်တင်ဘာ ၈၊ ၂၀၂၆

အမှတ် (၁) စစ်ဒေသအား စတင်တည်ထောင်ခဲ့သူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရုတ်ခရောင် ခေါင်လွမ်း (R. ခေါင်လွမ်း) အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမြင့်ဆုံးဖြစ်သည့် “ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့” ချီးမြှင့်ခဲ့ခြင်းအပေါ် အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမှတ် (၁) စစ်ဒေသက ယနေ့ စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။

ကွယ်လွန်သူ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရုတ်ခရောင် ခေါင်လွမ်းသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ ပါဝင်သည့် အမှတ် (၁) စစ်ဒေသအား ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) ၏ ကွပ်ကဲမှုဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သူ ဖြစ်သည်။

အမှတ် (၁) စစ်ဒေသအနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ရုတ်ခရောင် ခေါင်လွမ်း၏ ဦးဆောင်မှုအောက်တွင် မဟာမိတ်တပ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်ခဲ့သဖြင့် စစ်ဆင်ရေး အောင်ပွဲများစွာ ရရှိခဲ့ကာ နယ်မြေစိုးမိုး မှုများ ရယူလာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး ရုတ်ခရောင် ခေါင်လွမ်းသည် ၂၀၂၃ ခုနှစ်တွင် အသည်းရောဂါ ခံစားခဲ့ရသော်လည်း မြို့ပေါ်သို့ ဆေးကုသရန် သွားရောက်ခြင်းမရှိဘဲ တပ်မဟာ (၈) နယ်မြေအတွင်း PDF ရဲဘော်များနှင့်အတူ အတူတကွ ရုန်းကန်နေထိုင်ကာ တော်လှန်ရေးတာဝန်များကို မဆုတ်မနစ် ထမ်းဆောင်ရင်း ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (HPR) ဟာ ဗျူဟာမြောက် စစ်ဆင်ရေးတွေကို ဦးဆောင် ကွပ်ကဲပြီး တော်လှန်ရေးတပ်မှူး၊ ရဲဘော်တွေအတွက် စံနမူနာပြုထိုက်သူ၊ မိမိအသက်နဲ့ အကျိုးစီးပွားကို အဆုံးစွန်ထိ စွန့်လွှတ်ခဲ့သူတွေကို အသိအမှတ်ပြု ချီးမြှင့်တာဖြစ်ပါတယ်” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စက်တင်ဘာ ၇ ရက် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်သူ့ခုခံတွန်းလှန်စစ် ၅ နှစ်ပြည့်တွင် NUG ၏ စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဆုများ ပေးအပ်ရာ၌ အမှတ် (၁) စစ်ဒေသမှ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ ၁ ဆု အပါအဝင် တပ်ရင်းများနှင့် ရဲဘော် တစ်ဦးချင်းအလိုက် ပြည်သူ့သားကောင်းဆု ၂၅ ဆု၊ ပြည်သူ့ဇာနည်ဆု ၁၉ ဆုနှင့် တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် ၂ ဆု စုစုပေါင်း ဆုတံဆိပ် ၄၈ ဆု ရရှိခဲ့ကြောင်း သိရသည်။

အမှတ် (၁) စစ်ဒေသမှ ရဲဘော်များအနေဖြင့် ကွယ်လွန်သူ ဒုတိယဗိုလ်ချုပ်ကြီး ရုတ်ခရောင် ခေါင်လွမ်းကဲ့သို့ပင် စစ်အာဏာရှင် စနစ်ကျရှုံးရေးအတွက် မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သစ္စာပြု ထုတ်ပြန်ထားသည်။

ပုံစာ-ဒုတိယဗိုလ်ချုပ်ကြီး ရုတ်ခရောင် ခေါင်လွမ်း

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed