PSM (News)

စက်တင်ဘာ ၈၊ ၂၀၂၆

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့သို့ ရောက်ရှိနေသည့် စစ်အုပ်စု စစ်သင်္ဘောအုပ်စုသည် ကချင်ပြည်နယ် ရွှေကူမြို့သို့ ဆက်လက် ဆန်တက်လာစဉ် လမ်းကြောင်းရှင်းသည့်အနေဖြင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများကို စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် Y-12 လေယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာ ၇ ရက်က ကသာမြို့သို့ ရောက်ရှိလာသည့် စစ်သင်္ဘော သုံးစီးနှင့် ဖလက်ခွံသင်္ဘော တစ် စီးသည် ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ရွှေကူမြို့သို့ ဆက်လက် ဆန်တက်စဉ် မြစ်ကမ်းဘေးရှိ မိုးတားလေးရွာနှင့် ဗောဓိကုန်းရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် ကာ လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

“ကသာအထက် ဧရာဝတီမြစ်ကမ်းဘေးက ရွာတွေဖြစ်တဲ့ မိုးတားလေးနဲ့ ဗောဓိကုန်းရွာကို ကသာက ထွက်လာတဲ့ တိုက်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ Y-12 လေယာဉ်နဲ့ပါ လေကြောင်းကနေ ဗုံးကြဲသွားတယ်။ အခု ရွာအတွင်းမှာ မီးလောင်နေတယ်။ အရပ်သား အထိအခိုက်လည်း ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘူး” ဟု KIA စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။

အဆိုပါ စစ်သင်္ဘောများပေါ်တွင် ခဲယမ်းများ တင်ဆောင်လာနိုင်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ထားပြီး သင်္ဘောအုပ်စု ဆန်တက်ရာ မြစ်ကမ်းဘေး ဝဲ၊ ယာတွင် KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များ၏ ဖြတ်တောက် တိုက်ခိုက်မှုကို စိုးရိမ်သဖြင့် လမ်းကြောင်းရှင်းသည့် အနေဖြင့် မြစ်ကမ်းဘေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ လေကြောင်းမှ ဗုံးကြဲနေခြင်း ဖြစ်သည်။

မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ စက်တင်ဘာ ၅ ရက်တွင် ဆန်တက်လာသော အစီးရေ ၃၁ ပါ စစ်အုပ်စု၏ ရေယာဉ်အုပ်စုသည် စက်တင်ဘာ ၇ ရက်တွင် ထီးချိုင့်မြို့နယ်အတွင်းရှိ မြတောင်ရွာ၊ မောင်းကုန်းရွာနှင့် ကသာမြို့ ဆိပ်ကပ်များသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထိုအထဲမှ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာတွင် တကောင်းနီကယ်စက်ရုံမှ နီကယ်များ သယ်ယူရန် သင်္ဘော အစီးရေ ၂၀ ဆိုက်ကပ်ကျန်ရစ်ခဲ့ပြီး၊ ကသာသို့ ရောက်ရှိလာသည့် စစ်သင်္ဘော ၃ စီးနှင့် ဖလက်ခွံ ၁ စီး အပါအဝင် ကျန်စစ်သင်္ဘောများသည် ကချင်ပြည်နယ်ဘက်သို့ ဆက်လက် ဆန်တက်နေခြင်း ဖြစ်သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed