PSM(News) ဩဂုတ် ၉၊၂၀၂၆ တောင်ဆူဒန်နှင့် မြန်မာနိုင်ငံတို့မှ လူပေါင်းထောင်နှင့်ချီ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိစေခဲ့သည့် ယာယီအကာအကွယ်ပေးမှု(TPS)ကို ရုပ်သိမ်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့အား ဖက်ဒရယ်တရားသူကြီး နှစ်ဦးက သောကြာနေ့တွင် လမ်းဖွင့်ပေးလိုက်သည်။ ဘော့စတန်နှင့် ချီကာဂိုမြို့တို့ရှိ တရားသူကြီးများက ဟေတီနှင့် ဆီးရီးယားနိုင်ငံသားများအတွက် အလားတူအကာအကွယ်ပေးမှုများကို အဆုံးသတ်ရန် ဇွန်လအတွင်းက အမေရိကန်တရားရုံးချုပ်က ခွင့်ပြုပေးခဲ့ပြီးနောက် အဆိုပါနိုင်ငံနှစ်နိုင်ငံအတွက် ယာယီအကာအကွယ်ပေးထားသည့် အခြေအနေ (TPS) ကို ဆက်လက်ထိန်းသိမ်းထားလိုသည့် ရွှေ့ပြောင်းအခြေချအရေး လှုပ်ရှားသူများ၏ နောက်ဆုံးကြိုးပမ်းအားထုတ်မှုများကို ပယ်ချခဲ့သည်။ ကွန်ဆာဗေးတစ်အများစု ပါဝင်သော တရားရုံးချုပ်၏ ၆-၃ မဲ ဆုံးဖြတ်ချက်အရ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့၏ နိုင်ငံတစ်ဒါဇင်ခန့်အတွက် ယာယီအကာအကွယ်ပေးမှုကို အဆုံးသတ်ရန် ကြိုးပမ်းအားထုတ်မှုများကို အောက်တရားရုံးများအနေဖြင့် ပြန်လည်သုံးသပ်နိုင်စွမ်းကို ကန့်သတ်လိုက်သည်။ အဆိုပါ အခြေအနေသတ်မှတ်ချက်သည် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ၊ လက်နက်ကိုင် ပဋိပက္ခများ သို့မဟုတ် အခြားသော ထူးကဲသည့် ဖြစ်ရပ်များကို ကြုံတွေ့နေရသည့် မိခင်နိုင်ငံများမှ လူပုဂ္ဂိုလ်များကို အကျုံးဝင်စေပြီး အရည်အချင်းပြည့်မီသော ရွှေ့ပြောင်းနေထိုင်သူများအား နယ်နှင်ဒဏ်ပေးခြင်းမှ ယာယီအကာအကွယ်နှင့် အလုပ်လုပ်ကိုင်ခွင့်ကို ပံ့ပိုးပေးထားသည်။ ၂၀၁၁ ခုနှစ်ကတည်းက ပထမဆုံး အခြေအနေသတ်မှတ်ခံခဲ့ရသည့် ပဋိပက္ခဒဏ်သင့် တောင်ဆူဒန်နိုင်ငံနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံတို့အတွက် ယာယီအကာအကွယ်ပေးမှုကို အဆုံးသတ်ရန် ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာလတွင် လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များအရ တောင်ဆူဒန်နိုင်ငံသား ၂၃၂ ဦးခန့်နှင့် မြန်မာနိုင်ငံမှ လူပေါင်း ၄,၀၀၀ ခန့်အတွက် အကာအကွယ်ပေးမှုများ ပြီးဆုံးသွားမည်ဖြစ်သည်။ ဘော့စတန်မြို့ရှိ ဖက်ဒရယ်တရားသူကြီး ပက်တီ ဆာရစ် နှင့် ချီကာဂိုမြို့ရှိ မက်သယူး ကန်နယ်လီတို့၏ ယခင်အမိန့်များက ယင်းသို့ဖြစ်ပွားခြင်းကို တားဆီးပိတ်ပင်ထားခဲ့သည်။ တရားရုံးချုပ်၏ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက်ရွှေ့ပြောင်းအရေးလှုပ်ရှားသူများ၏ ရှေ့နေများက ပြည်ထဲရေးဝန်ကြီးဌာနတွင်ယာယီအကာအကွယ်ပေးရေး အခြေအနေ (TPS) ကို အဆုံးသတ်ရန် လုပ်ပိုင်ခွင့်မရှိကြောင်း လျှောက်လဲခဲ့ကြသည်။ တရားသူကြီး ဆာရစ်က သောကြာနေ့ နံနက်ပိုင်း ချမှတ်ခဲ့သော ဆုံးဖြတ်ချက်တွင် အဆိုပါ အငြင်းပွားမှုကို ပယ်ချခဲ့ပြီး ယင်းသည် ယာယီအကာအကွယ်ပေးမှုကို အဆုံးသတ်ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်ကိုသာမက အကာအကွယ်ပေးမှုများကို သက်တမ်းတိုးပေးရန် ၎င်းတို့၏ ရေရှည်လုပ်ပိုင်ခွင့်ကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာစေလိမ့်မည်ဟု ပြောကြားခဲ့သည်။ယခင် အမေရိကန်သမ္မတ ဘီလ်ကလင်တန်၏ ခန့်အပ်ခြင်းခံရသူ တရားသူကြီး ကန်နယ်လီသည်လည်း နာရီပိုင်းအကြာ မြန်မာနိုင်ငံဆိုင်ရာ အမှုတွင် အလားတူ ကောက်ချက်ကို ချမှတ်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ အထွေထွေရှေ့နေ ဂျိမ်းစ် ပါစီဗယ်က X လူမှုကွန်ရက်ပေါ်တွင် ဖော်ပြရာ၌ အဆိုပါ ဆုံးဖြတ်ချက်နှစ်ရပ်အရ အီသီယိုးပီးယားနှင့် ဆိုမာလီယာနိုင်ငံများအတွက်သာ ယာယီအကာအကွယ်ပေးမှုကို အဆုံးသတ်ရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြိုးပမ်းချက်များကို တရားရုံးများက ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယာယီအကာအကွယ်ပေးရေး အမှုများကို စစ်ဆေးနေသည့် အခြားတရားသူကြီးများကိုလည်း အစိုးရဘက်မှ ဆုံးဖြတ်ချက်ချပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။ “ဒီ အုပ်ချုပ်ရေးဆိုင်ရာ ဆိုင်းငံ့မှုတွေ’ အသက်ဝင်နေတဲ့ တစ်ရက်ချင်းစီတိုင်းဟာ အမေရိကန်ပြည်သူတွေ မဲဆန္ဒပေးခဲ့တဲ့ ရလဒ်ကို ငြင်းပယ်ခံနေရတဲ့ ရက်တွေပါပဲ” ဟု ၎င်းက ဆိုခဲ့သည်။ ကိုးကား-Reuters Post navigation ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်က ၃၈ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ် ရွှေကူတွင် အာဏာလုစစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ