PSM (News)

ဇူလိုင် ၈၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကိုင်းခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ-၄ စခန်းတွင် တပ်ခွဲမှူး ဖြစ်သူက ဘဏ္ဍာရေးမှူး အမျိုးသမီးရဲမေကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် မိမိကိုယ်ကိုယ် ပြန်လည်ပစ်ခတ်ရာ ဒဏ်ရာပြင်းထန်စွာရရှိ၍ ဆေးကုသမှု ခံယူနေရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဘဏ္ဍာရေးမှူး အမျိုးသမီးရဲမေကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တပ်ခွဲမှူးညိုချောကို ဥပဒေအရ အရေးယူရန် စီစဉ်နေကြောင်း တပ်ရင်းတာဝန်ရှိသူများထံမှ သိရသည်။

တပ်ခွဲ-၄ စခန်းအတွင်းရှိ နေအိမ်တစ်လုံးတွင် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၃ နာရီခန့်က ဘဏ္ဍာရေးမှူး ရဲမေ ဒေါင်းနီနှင့် တပ်ခွဲမှူး ညိုချောတို့ စကားပြောဆိုနေစဉ် ညိုချောက ပစ္စတိုသေနတ်ဖြင့် ဒေါင်းနီ၏ ဦးခေါင်း ကို ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏ နာရေးကို ဇူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာရေးမှူး ဒေါင်းနီသည် တော်လှန်ရေးအပေါ် သစ္စာဖောက်သည့် လုပ်ရပ်များ လုပ်ဆောင်လာသည်ကို တပ်ခွဲမှူး ညိုချောက မိသွားခြင်းကြောင့် ယခုကဲ့သို့ အဆုံးစီရင်ခဲ့ခြင်း ဖြစ်ကြောင်း တပ်ရင်းတာဝန်ရှိ သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

တပ်ခွဲမှူး ညိုချောသည် ဒေါင်းနီကို ပစ်ခတ်ပြီးနောက် မိမိကိုယ်ကိုယ် ဦးခေါင်းကို ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်များက အချိန်မီ တားဆီးနိုင်ခဲ့သဖြင့် ကျည်ဆန် ဦးခေါင်းထဲသို့ တိုက်ရိုက် မဝင်သွားဘဲ အသက် အန္တရာယ် ၅၀/၅၀ စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦး ကြားတွင် လူမှုရေးကိစ္စ အချို့လည်း ပတ်သက်မှုရှိနေပြီး သစ္စာဖောက်မှု အသေးစိတ်ကိုမူ PSM အား ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။

“ကျွန်တော်တို့က အာဏာလုစစ်အုပ်စု မဟုတ်ဘူး။ စိတ်ရှိတိုင်း လုပ်လို့မရဘူး။ လက်ထဲသေနတ်ရှိ ပေမယ့်လည်း အကြမ်းဖက်တဲ့ပုံစံမျိုးတွေ လုပ်လို့မရဘူး။ သူ့ကို ထိန်းသိမ်းထားပြီး သက်ဆိုင်ရာကို သတင်းပို့သင့်တယ်” ဟု တပ်ရင်းရဲဘော်တစ်ဦးက PSM ကို ပြောသည်။

ဘဏ္ဍာရေးမှူး ဒေါင်းနီသည် တော်လှန်ရေးအပေါ် များစွာ ပံ့ပိုးကူညီခဲ့သူ ဖြစ်ကာ တော်လှန်ရေး ကာလကြာမြင့်လာချိန်တွင် စိတ်ပြောင်းလဲမှုများ ရှိနိုင်သော်လည်း မိမိတို့သည် အာဏာလုစစ်တပ် မဟုတ်သဖြင့် စိတ်ရှိတိုင်း လုပ်ပိုင်ခွင့်မရှိကြောင်း တပ်ရင်းဘက်က တုံ့ပြန်ထားပြီး တပ်ခွဲမှူး၏ လုပ်ရပ် အပေါ် ဝေဖန်ထားသည်။

ထို့ပြင် သစ္စာဖောက်မှု ရှိပါကလည်း သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့ သတင်းပို့၍ ထိန်းသိမ်းထားကာ ဥပဒေအတိုင်းသာ အရေးယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထောက်ပြထားသည်။

လက်ရှိအချိန်တွင် မိမိကိုယ်ကိုယ် ပြန်လည်ပစ်ခတ်ခဲ့သည့် တပ်ခွဲမှူး ညိုချော၏ ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပါက တပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိရောက်စွာ အရေးယူသွားရန် ဆောင်ရွက်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် ၂၀၂၆ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် လူသေမှုများ ရှိခဲ့ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ဖြေရှင်းမှုများ မရှိသေးပေ။

ပုံစာ – တပ်ခွဲမှူး ညိုချော (ဝဲ) နှင့် ဘဏ္ဍာရေးတာဝန်ခံ ရဲမေဒေါင်းနီ (ယာ)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed