PSM (News)

ဇူလိုင် ၈ ၊ ၂၀၂၆

ချင်းတွင်းမြစ်ရေကြီးချိန်ကို အခွင့်ကောင်းယူ၍ စစ်ကိုင်းတိုင်းအတွင်း ဆန်တက်လာသည့် အာဏာလု စစ်အုပ်စု၏ ထောက်ပို့စစ်ရေယာဉ်အုပ်စုကြောင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူ တစ်သောင်းခွဲနီးပါး (၁၅,၀၀၀ ဝန်းကျင်) အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ ရိက္ခာ၊ လူအင်အားနှင့် လက်နက်ခဲယမ်း တင်ဆောင်လာသော ဖလက်သံခွန်သင်္ဘော ၂၄ စီးနှင့် တိုက်ခိုက်ရေးစစ်သင်္ဘော ၄ စီး (စုစုပေါင်း ၂၈ စီး) ပါဝင်သည့် ရေယာဉ်အုပ်စုသည် ဇူလိုင် ၆ ရက်နေ့ နံနက်အစောပိုင်းတွင် မုံရွာမြို့ အလုံ၊ မင်းထောင့်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာခြင်း ဖြစ်သည်။

အဆိုပါ ရေယာဉ်တန်းသည် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ ပါရာမော်တာနှင့် ဂျိုင်ရိုကော်ပတာများအသုံးပြု၍ ဗုံးသီးချတိုက်ခိုက်ခြင်းများ ပြုလုပ်နေသောကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေသည့်အတွက် ယခုကဲ့သို့ စစ်ဘေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

“သူတို့က ဆန်တက်ရာ မြစ်ကြောင်းတစ်လျှောက်က ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း စတဲ့မြို့တွေကို ပစ္စည်းတွေချပြီး အင်အားဖြည့်မှာ။ ဇူလိုင် ၆ ရက် ညတုန်းကတော့ ကနီမြို့အနီးဝန်းကျင်မှာ ရပ်နားပြီး ညအိပ်တယ်၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေချတယ်။ ဆန်တက်နေစဉ်အတွင်း ပစ်ခတ်တာတွေရှိပေမယ့် ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက PSM ကို ပြောသည်။

အဆိုပါ ထောက်ပို့ရေယာဉ်အုပ်စုသည် ၎င်းတို့ဆန်တက်ရာ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အတွက် လက်ရှိတွင် ကျေးရွာ ၁၈ ရွာမှ လူဦးရေ ၁၅,၀၀၀ ဝန်းကျင်ခန့် ယာယီစစ်ဘေးရှောင်နေရကြောင်း ကနီမြို့နယ် သပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်က အသိပေးထားသည်။

ယင်းရေယာဉ်အုပ်စုသည် ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ကနီနှင့် မင်းကင်းမြို့နယ်အစပ်သို့ ရောက်ရှိ လာစဉ် ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (CSRAF) ၏ ဦးဆောင်မှုဖြင့် ကနီမြို့နယ် တိုက်နယ်-(၆) အတွင်းရှိ မဟာမိတ်ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်၊ စနိုက်ပါများဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး အာဏာလု စစ်အုပ်စုဘက်မှလည်း ကျေးရွာများအတွင်းသို့ ရမ်းသန်းပစ်ခတ်ခဲ့သည်။

မြေပြင်သတင်း Update အရ အဆိုပါ ရေယာဉ်အုပ်စုသည် ယနေ့ ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် မင်းကင်းမြို့နယ်အတွင်းသို့ ရောက်ရှိဖြတ်သန်းနေပြီ ဖြစ်သည်။

“မနက်တုန်းကတော့ ရှေ့ပွိုင့်က မင်းကင်းနယ် နှင်းကြီးရွာကိုဖြတ်ပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်း မြို့ဘက် အထက်ကို ဆန်တက်နေတယ်။ နောက်ဆုံးပွိုင့်က မင်းကင်းနယ် တုန်းမာရွာကို ဖြတ်နေတယ်။ ရေယာဉ်တန်းတွေက ဟုမ္မလင်းအထိ ဆက်တက်မယ်လို့ ခန့်မှန်းရတယ်။ အဓိက ဆီ၊ ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ ဒရုန်းတွေကို သယ်ယူပို့ဆောင်ရေး လုပ်တာပါ။ မြစ်ဘေးတစ်လျှောက် ရွာတွေကတော့ အကုန်ရှောင်နေကြရတယ်” ဟု ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။

အဆိုပါ ထောက်ပို့ရေယာဉ်အုပ်စုသည် ဇွန်လကုန်ပိုင်းကတည်းက မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်း အတိုင်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ဦးတည်လာရာမှ ချင်းတွင်းမြစ်ကြောင်းဘက်သို့ ဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရသည်။

အာဏာလု စစ်အုပ်စုသည် အဆိုပါ လက်နက်ခဲယမ်းနှင့်စစ်အင်အားများကို စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ ဖြည့်တင်း၍ ထိုမှတစ်ဆင့် ဗန်းမော်မြို့ဆီသို့ စစ်ကြောင်းထိုးနိုင်လာကြောင်း စစ်ရေးလေ့လာ သုံးသပ် သူများက ခန့်မှန်းထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed