PSM(News) ဇူလိုင် ၉၊ ၂၀၂၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် မင်းလက်ပံနှင့် ဖလူးဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အတွင်းမှ ထွက်ပြေးလာသော ရာနှင့်ချီသည့် ကျားဖြန့်တရုတ်များသည် မြဝတီမြို့ပေါ်သို့ ရောက်ရှိနေ ကြောင်း မြို့ခံများထံမှ သိရသည်။ အာဏာလုစစ်အုပ်စုသည် ဇူလိုင်လ ၈ ရက်နေ့ ညမှစတင်ကာ အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကြောင်းများ ဖြန့်ခွဲပြီး မင်းလက်ပံနှင့် ဖလူးဒေသရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားရာ နေရာများသို့ ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။ တိုက်ပွဲများကြောင့် ဒေသခံများနှင့် ဒေသတွင်း၌ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်နေသည့် ကျားဖြန့်တရုတ်များပါ စစ်ရှောင်နေရပြီး တရုတ်များသည် မြဝတီမြို့ပေါ်ရှိ ကျားဖြန့်ဆိုက် (Site) မျာအတွင်းသို့ စစ်ရှောင်လာကြောင်း သိရသည်။ “တရုတ်တချို့လည်း မြဝတီမြို့ပေါ်က ခြံဝန်းတွေထဲ ပြောင်းရွှေ့လာကြတယ်။ ခြံအကျယ်ကြီးတွေကို ခြံစည်း ရိုးအမြင့်တွေ ကာရံပြီး ဆိုလာတွေအများကြီး၊ အဲကွန်းတွေအများကြီးနဲ့ အဆောက်အအုံကြီး တွေ၊ အမိုးပေါ်မှာ စတားလင့်ခ် တွေနဲ့” ဟု မြို့ခံတစ်ဦးက PSM ကိုပြောသည်။ ထို့အပြင် ကျားဖြန့်တရုတ်များသည် မြစန္ဒီဂေါက်ကွင်းနှင့် ကံဆင့်မြိုင်ကြားရှိ စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ရုံးစိုက်ထားသည့် အောင်ဇဗ္ဗူလင်းဟိုတယ်သို့လည်း ရောက်ရှိနေကြောင်း သိရသည်။ “ဟိုတယ်အောင်ဇဗ္ဗူလင်းကို BGF ရှေ့တန်းရုံး လုပ်ထားတယ်။ အဲဒီမှာလည်း တရုတ်တွေအများကြီး၊ မြဝတီဘောလုံးကွင်းထဲမှာလည်း တရုတ်တွေအများကြီး။ နေရာတွေ ခွဲထားတော့ ခန့်မှန်းရခက်တယ်။ ရာဂဏန်းတော့မကဘူး။ ထောင်ဂဏန်းအထိတော့ မရှိနိုင်ဘူးထင်တယ်” ဟု ၎င်းက ဆိုသည်။ မြဝတီမြို့ပေါ်ရှိ အမှတ် (၄) ရပ်ကွက်၊ စစ်မှုထမ်းဟောင်းနှင့် အောင်စစ်သည်တို့၌ ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းများကို အခြေစိုက်လုပ်ကိုင်နေပြီး အခြားနေရာများတွင်လည်း ရှိနေသည်။ လက်ရှိတွင် မင်းလက်ပံနှင့် ဖလူးဒေသ၌ တိုက်ပွဲများ ပြင်းထန်နေပြီး မြဝတီခြေစိုက် ဗိုလ်မုတ်သုန် ဦးဆောင်သည့် BGF တပ်ဖွဲ့က အာဏာလုစစ်အုပ်စု၏ ထိုးစစ်ကို လမ်းပြပေးကာ ကူညီနေကြောင်းစစ်ရေး သတင်းရင်း မြစ်ထံမှ သိရသည်။ “BGF က လမ်းပြတယ်လို့ သတင်းတွေမှာ တွေ့ရသလို မြို့ပေါ်မှာလည်း ရှေ့ပြေးဆို BGF၊ နောက်ဆုံး လည်း BGF ပဲ။ ဗိုလ်မုတ်သုန်ရဲ့ တပ်ဖွဲ့တွေလို့ ဆိုကြတယ်” ဟု မြ၀တီမြို့ခံက PSM ကို ပြောသည်။ မင်းလက်ပံ၊ ဖလူးဒေသ၌ တိုက်ပွဲများ ပြင်းထန်နေပြီး အာဏာလုစစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိသော်လည်း အဆိုပါ ကျည်များမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သည့် ကျားဖြန့်ဆိုက်များသို ကျရောက်ခြင်းမရှိကြောင်း သိရသည်။ “အခုထိတော့ တရုတ်ဆိုက်ထဲကို လက်နက်ကြီးကျည်ကျတယ်လို့ မကြားရသေးဘူး။ တရုတ်ဆိုက် တွေက ဖလူးသင်္ချိုင်းနားမှာ” ဟု ၎င်းက ဆိုသည်။ အင်အား ၁,၀၀၀ ခန့်ကို စစ်ကြောင်း ၅ ကြောင်းခန့် ဖြန့်ခွဲကာ ထိုးစစ်ဆင်နေသော်လည်း မင်းလက်ပံနှင့် ဖလူးကို အာဏာလုစစ်အုပ်စုက သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်း မရှိသေးသလို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များကလည်း ထိုးစစ်ကို လန်ကျအောင် မတိုက်နိုင်သေးဘဲ တိုက်ပွဲများ ဆက်လက်ပြင်းထန် နေသည်။ လတ်တလော တိုက်ပွဲများအတွင်း၌ အာဏာလုစစ်အုပ်စု၏ စစ်ကြောင်းတစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက တပ်လန်ကျသည်အထိ တိုက်ထုတ်ထားနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြု ထားသည်။ ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း) Post navigation စစ်ကိုင်းတွင် PDF တပ်ခွဲမှူးက ဘဏ္ဍာရေးမှူးရဲမေကို ပစ်သတ်ပြီး မိမိကိုယ်ကိုယ် ပြန်လည်ပစ်ခတ်၊ ဆေးကုသမှုအပြီးတွင် အရေးယူရန် ပြင်ဆင်နေ ကမ္ဘာ့ MMA ဆုပေးပွဲတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန် Breakthrough အပါအဝင် ဆုကြီး ၂ ဆု ဆွတ်ခူး