PSM(News) ဇူလိုင် ၉ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စီပိန်းရွာရှိ အာဏာလုစစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ရာ စစ်သား ငါး ဦးထက်မနည်း သေဆုံးကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် ညပိုင်းတွင် Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၄၀ ကျော် ရမ်းသန်းကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် စီပိန်းကျေးရွာအတွင်း ပြန်လည်ဝင်ရောက်တပ်စွဲထားသည့် အာဏာလုစစ်အုပ်စုကို ယမန်နေ့ ဇူလိုင်လ ၇ ရက် နံနက်အစောပိုင်းမှ မွန်းလွဲပိုင်းအထိ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း အာဏာလုစစ်တပ်ဘက်မှ ငါး ဦးထက်မနည်း ပွဲချင်းပြီးသေဆုံးကာ လက်နက်ခဲယမ်းအချို့ကိုလည်း တော်လှန်ရေးဘက်က သိမ်းဆည်းရမိခဲ့ပြီး အပြင်းအထန် အထိနာသွားသည့် အာဏာလုစစ်ကြောင်းသည်မော်လူးမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားသည်။ တိုက်ပွဲအတွင်း အထိနာသွားသည့် အာဏာလုစစ်အုပ်စုသည် ယင်းနေ့ ည ၉ နာရီကျော်တွင် တံတားဦးလေတပ်မှ တက်လာသော Y-12 ထောက်ပို့လေယာဉ်တစ်စင်းဖြင့် စီပိန်းကျေးရွာရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ ဗုံးအလုံးရေအမြောက်အမြား ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “စီပိန်းရွာက ကိုယ့်ဘက်ကတိုက်လိုက် ပြန်ဆုတ်လိုက်၊ စစ်တပ်က ပြန်ဝင်ထိုင်လိုက်နဲ့ ဖြစ်နေတာ။ မနေ့က စစ်သားတွေ ပြန်ဝင်ထိုင်နေတုန်း ကိုယ့်ဘက်က ပြန်ဆော်လို့ တိုက်ပွဲဖြစ်တာ။ ညက လေကြောင်းတိုက်ခိုက်မှုကတော့ ဗုံးအလုံး ၄၀ ကျော်တယ်။ မီးတွေလောင်နေတာ ကောင်းကင်တစ်ခုလုံးနီရဲနေတာပဲ” ဟု ဒေသခံ အမျိုးသားတစ်ဦးက PSM ကို ပြောသည်။ အင်းတော်မြို့နယ်ကို ယခုနှစ် ဧပြီလ လယ်ပိုင်းအထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ဧပြီလနောက်ဆုံးပတ်နှင့် မေလပထမပတ်အတွင်း အာဏာလုစစ်အုပ်စုက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၍ အင်းတော်မြို့၊ နဘားလမ်းဆုံ၊ နဘားရွာ၊ မော်လူးမြို့နှင့် မဲဇာရွာတို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ လက်ရှိတွင် အင်းတော်-ကသာ လမ်းပိုင်းနှင့် မော်လူးမြို့တို့တွင် နှစ်ဖက်တိုက်ပွဲများ အရှိန်မြင့်နေပြီး နဘားလမ်းဆုံနှင့် ကျေးရွာတို့တွင်လည်း စစ်ရေး အလွန်တင်းမာနေသဖြင့် မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးမှာ လက်ရှိအချိန်အထိ လမ်းပိတ်ဆို့နေဆဲဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ-ပေးပို့ Post navigation အာဏာလု စစ်အုပ်စုက အာဇာနည်နေ့မတိုင်မီ ဗိုလ်ချုပ်ရုပ်ထုများကို လိုက်လံဖျက်ဆီးနေခြင်းအပေါ် NLD နှင့် ရှေ့နေများကောင်စီ ရှုတ်ချ လားရှိုးမြို့ပေါ် ရပ်ကွက်များနှင့် အာဏာလုစစ်တပ်၏ ရမခ ဌာနချုပ်ထဲသို့ ရှော့ခ်တိုက်ဒုံးများ ကျရောက်ပေါက်ကွဲ၊ အမျိုးသမီး ၁ ဦး သေဆုံး