PSM(News) ဇူလိုင် ၁၀၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်းရှိ ရပ်ကွက်များနှင့် အာဏာလုစစ်တပ်၏ အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ထဲသို့ ရှော့ခ်တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရှမ်းမြောက်ရှိ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ ဇူလိုင် ၉ ရက် ညနေပိုင်းတွင် လားရှိုးမြို့ အမှတ် (၆) ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်နှင့် လားရှိုးမြို့အခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်အတွင်းသို့ ရှော့ခ်တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ လားရှိုးမြို့တွင်းသို့ ရှော့ခ်တိုက်ဒုံး လေး လုံး ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရပ်ကွက် (၁၀) တွင် နေထိုင်သည့် အသက် (၃၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့ သည်။ “လေး ငါး နေရာလောက်တော့ သိရတယ်။ ရပ်ကွက် ၆၊ ရပ်ကွက် ၁၀၊ ပြီးရင် တိုင်းထဲ (ရမခ) လည်း ကျတယ်လို့ ပြောတယ်။ သေဆုံးတာက ရပ်ကွက် ၁၀ က အမျိုးသမီးတစ်ယောက် သေတယ်။ ရပ်ကွက် ၆ က လူတစ်ယောက် ထိခိုက်ဒဏ်ရာရတယ်။ အိမ်တွေထိတာကတော့ ရပ်ကွက် ၆ က အိမ်တွေ ထိခိုက်ပျက်စီးတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။ ယင်းရှော့ခ်တိုက်ဒုံးများကို ရမခ တိုင်းဌာနချုပ်၏ အနောက်ဘက်ရှိ ဆင်တောင်အနောက်ဘက်ခြမ်းမှ ပစ်ခတ်ခြင်းဖြစ်ပြီး လားရှိုး – မိုင်းယော်လမ်းပေါ်ရှိ အဆိုပါ ဆင်တောင်သည် လားရှိုးမြို့နှင့် ၁၀ မိုင်ခန့် သာ ကွာဝေးသည်။ “သူတို့ (လားရှိုးမြို့ခံများ) ပြောတာတော့ ပစ်တာက ဆင်တောင် အနောက်ဘက်။ ရမခ အနောက် ဘက်မှာ ဆင်တောင်ရှိတယ်။ အဲဒီ ဆင်တောင်အနောက်ဘက်ကနေ ပစ်တာလို့ ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကလည်း လားရှိုးမြို့ အမှတ် (၆) ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်နှင့် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)၊ အမှတ် (၆၂၆) တပ်ရင်းများထဲသို့ ရှော့ခ်တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အတည်ပြုထားသည်။ ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း လားရှိုးမြို့အခြေစိုက် အာဏာလုစစ်တပ်၏ တပ်ရင်းဌာနချုပ် တစ်ခုထဲသို့ ရှော့ခ်တိုက်ဒုံး တစ် လုံး ကျရောက်ပေါက်ကွဲခဲ့ဖူးသည်။ လက်ရှိ လားရှိုးမြို့တွင် အာဏာလု စစ်အုပ်စုက မြို့ပေါ်ရှိ ရပ်ကွက် ၁၂ ရပ်ကွက်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများကိုမူ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်ထားကြောင်း သိရသည်။ ဓာတ်ပုံ-SSPP၊ လူမှုကွန်ရက် Post navigation စီပိန်းရွာတွင် တပ်စွဲထားသည့် အာဏာလုစစ်တပ် ဝင်ရောက်တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း သေဆုံးကာ အထိနာ၍ ထွက်ပြေး၊ ညပိုင်းတွင် Y-12 ဖြင့် ဗုံးအလုံး ၄၀ ကျော်လာရောက်ကြဲချ စစ်အစိုးရအဆက်ဆက် အမျိုးသားရေးဝါဒဖြန့်ခဲ့သည့် စာရေးဆရာမကြီးဒေါက်တာမတင်ဝင်း ရန်ကုန် စစ်ဆေးရုံတွင် ကွယ်လွန်၊ မင်္ဂလာဒုံ စစ်သင်္ချိုင်းသို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်