မောင်မောင်ကဲ/PSM(News)

ဇူလိုင် ၉၊ ၂၀၂၆

အာဏာလုစစ်အုပ်စုသည် လွတ်လပ်ရေးဗိသုကာနှင့် တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်း အမှတ်ရုပ်ထုများကို ညအမှောင်ကိုအကာ အကွယ်ယူကာ နေရာဒေသအနှံ့အပြား၌ နေ့စဉ်ဖြိုချ ဖျက်ဆီးနေမှုကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့ ဇူလိုင် ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အာဏာလု စစ်အုပ်စုလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးဝန်ထမ်းများသည် အများပြည်သူ ပိုင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို ဖြိုချဖျက်ဆီးနေခြင်းသည် မြန်မာ နိုင်ငံ၏ အမျိုးသားရေးသွင်ပြင်လက္ခဏာနှင့် သမိုင်းသင်္ကေတများကို ဖျက်ဆီးနေခြင်းဖြစ်ပြီး ပြည်သူ လူထု၏ ယုံကြည်ချက်နှင့် မျှော်လင့်ချက်များကိုပါ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးနေခြင်းဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီ က ဆိုသည်။

လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာ နည်နေ့ မတိုင်မီ ယခု ဇူလိုင်လအတွင်း၌ပင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ဗိုလ်ချုပ် ကြေးရုပ်ထု ကိုး ခုထက်မနည်းကို အာဏာလုစစ်အုပ်စုက လိုက်လံဖယ်ရှားဖျက်ဆီးခဲ့ကြောင်း မြေပြင် သတင်း များအရ သိရသည်။

အဆိုပါ ရုပ်ထုများသည် ပြည်သူလူထုတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ထည့်ဝင်ငွေများဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပူးပေါင်းတည်ဆောက်ထားကြသည့် အများပြည်သူပိုင်ပစ္စည်းများ ဖြစ်ကြောင်း NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာလုစစ်အုပ်စုသည် သမိုင်းကြောင်းအရ ၎င်းတို့ကိုယ်တိုင် “တပ်မတော် ၏ဖခင်” ဟု မရှိမဖြစ် သတ်မှတ်ကိုးကွယ်ရမည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ထုများကို ညအမှောင်၌ ခိုးကြောင်ခိုးဝှက် ပြန်လည်ဖျက်ဆီးနေခြင်း ဖြစ်သည်။

“သာကေတပန်းခြံက ဗိုလ်ချုပ်ရုပ်တု၊ တောင်ဥက္ကလာပန်းခြံက ဗိုလ်ချုပ်ရုပ်တုနဲ့ ရွှေပြည်သာက ဗိုလ်ချုပ်ရုပ်တုတွေကို ဒီလဆန်းကပဲ ဖယ်ရှားလိုက်တယ်။ တကယ်ဆို စစ်တပ်ရဲ့ ဖခင်က ဗိုလ်ချုပ်အောင်ဆန်းပဲ။ ကိုယ့်ဖအေရဲ့ ပုံရိပ်ကို ကိုယ်တိုင် ပြန်လည်ဖျက်ဆီးတာဆိုတော့ သူတို့ရဲ့ သမိုင်းက မလှတော့ဘူး။ ဘယ်လောက်တောင် ကြောက်စိတ်ကြီးမားပြီး သိက္ခာမဲ့တဲ့ လုပ်ရပ် ဖြစ်တယ်ဆိုတာ မြန်မာတစ်နိုင်ငံလုံးကို သက်သေပြနေတာ” ဟု ရန်ကုန်မြို့ရှိ CDM ကျောင်းဆရာ တစ်ဦးက PSM ကိုပြောသည်။

မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) သည် ဗိုလ်ချုပ်ရုပ်ထုများ ဖျက်ဆီးခံနေရသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ဥပဒေရေးရာသုံးသပ်ချက်တစ်စောင် ထုတ်ပြန်ထားပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို ဖျက်ဆီးခြင်းသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ – ၄၂၅ အရ “အကျိုးဖျက်ဆီးမှု” ဥပဒေကို ဖောက်ဖျက် ကျူးလွန်ခြင်းဖြစ်သည်။

ထို့ကြောင့် ဗိုလ်ချုပ်ရုပ်တုကို ဖျက်ဆီးဖယ်ရှားခြင်းသည် ပြည်သူပိုင်ပစ္စည်းတရပ်ရပ်နှင့်စပ်လျဥ်း၍ အကျိုးဖျက်ဆီးမှုကိုကျူးလွန်ခြင်းဖြစ်ပြီး ထိုသို့ ကျူးလွန်သူကို ထောင် ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ချ မှတ်နိုင်ကြောင်း BLC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အာဏာလုစစ်အုပ်စု စိုးမိုးအုပ်ချုပ်ရာ နယ်မြေများတွင် ယခုကဲ့သို့ စနစ် တကျ ဖျက်ဆီးနေခြင်းကို စုံစမ်းဖော်ထုတ်အရေးယူမှု မရှိခြင်းကြောင့် အဆိုပါ ရာဇဝတ်ပြစ်မှုကို အာဏာလုစစ်အုပ်စုကိုယ်တိုင် ကျူးလွန်နေခြင်းဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး အတွေးအခေါ်ယဉ်ကျေးမှု နိမ့်ကျလွန်းသည့် စက်ဆုပ် ဖွယ်လုပ်ရပ်ဖြစ်သည်ဟု ရှေ့နေများကောင်စီက ထုတ်ပြန်သည်။

NLD ဗဟိုအလုပ်ကော်မတီကလည်း အဆိုပါ ဖျက်ဆီးမှုများ လုပ်ဆောင်ရန် ညွှန်ကြားသူများနှင့် ကိုယ်တိုင်ပူးပေါင်းပါဝင်သူများသည် ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေခြင်းဖြစ်သဖြင့် ၎င်းတို့ကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုထံ သတိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed