PSM (News) ဇူလိုင် ၉၊ ၂၀၂၆ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံရှိ မဲခေါင်မြစ်လက်တက်များတွင် ဖြစ်ပွားနေသည့် လေးလံသောသတ္တုများဖြင့် ညစ်ညမ်းမှုသတင်းများကို အနီးကပ်စောင့်ကြည့်နေပြီး ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများအပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို နားလည်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါထုတ်ပြန်ချက်ကို ဘန်ကောက်မြို့ရှိ တရုတ်သံရုံးနှင့် ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတို့တွင် ဆန္ဒပြသူများက မဲခေါင်မြစ်လက်တက်များအတွင်း ညစ်ညမ်းမှုများနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သံရုံးက ဤကိစ္စရပ်ကို အလွန်အရေးကြီးကြောင်း မှတ်ယူထားပြီး ထိခိုက်မှုရှိသည့် ရေလမ်းကြောင်းများတွင် လေးလံသောသတ္တုများဖြင့် ညစ်ညမ်းနေမှုသတင်းများကို နောက်ကြောင်းလိုက် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြစ်ဝှမ်းတစ်လျှောက်တွင် နေထိုင်ကြသော လူမှုအသိုင်းအဝိုင်းများ၏ ပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေးအတွက် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအပေါ် စိုးရိမ်ပူပန်မှုများကိုလည်း အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။ ပြောရေးဆိုခွင့်ရှိသူက ယခုဖော်ပြပါမြစ်များသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးတွဲပိုင်ဆိုင်သည့် နယ်စပ်ဖြတ်ကျော် ရေလမ်းကြောင်းများဖြစ်ကြောင်း ပြောကြားခဲ့ပြီး ညစ်ညမ်းမှု၏ ရင်းမြစ်ကို အချက်အလက်များ၊ သိပ္ပံနည်းကျ အထောက်အထားများနှင့် တာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ဆုံးဖြတ်သင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံစလုံးအား ဆက်သွယ်ဆောင်ရွက်မှုနှင့် ပူးပေါင်းညှိနှိုင်းမှုများ အားကောင်းစေရန်နှင့် တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန်နှင့် ပြဿနာကို သင့်လျော်စွာ ဖြေရှင်းနိုင်ရန်အတွက် ပူးတွဲစုံစမ်းစစ်ဆေးမှုများကို တတ်နိုင်သမျှ အမြန်ဆုံးပြုလုပ်ရန် ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မဲခေါင်မြစ်၏ ဂေဟစနစ်ကို ကာကွယ်ခြင်းမှာ မြစ်ဝှမ်းနိုင်ငံအားလုံး၏ တာဝန်ဖြစ်ကြောင်း တရုတ်သံရုံးက ဖြည့်စွက်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မြစ်၏ ဂေဟစနစ်လုံခြုံရေးကို ကာကွယ်ရန်အတွက် ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် မဲခေါင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ ကိုးကား-Khaosod Post navigation ရိုဟင်ဂျာကယ်ဆယ်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု လွဲမှားမှုကြောင့် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ဆုံးရှုံးနေ အီရန်နိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ “ပြီးဆုံးသွားပြီ” ဟုNATO ထိပ်သီးအစည်းအဝေးတွင် ထရမ့် ပြောကြား