PSM(NEWS) ဇွန် ၉၊၂၀၂၆ တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ် စတင်ရောက်ရှိလာရာ ပြုံယမ်း မြို့၌ အရောင်အသွေးစုံလင်လှပစွာဖြင့် ကြိုဆိုခဲ့ကြသည်။ လေဆိပ်သို့ ရောက်ရှိချိန်တွင် သမ္မတ ရှီကျင့်ဖျင်နှင့် ဇနီးဖြစ်သူ ဖုန်လီယွမ် တို့အား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့် ဇနီးဖြစ်သူ ရီဆိုလ်ဂျူ တို့က လက်ဆွဲနှုတ်ဆက် ကြိုဆိုခဲ့ကြသည်။ ထို့နောက် တရုတ်ခေါင်းဆောင်အား မော်တော်ယာဉ်တန်းဖြင့် ပြုံယမ်းမြို့၏ အဓိကနေရာဖြစ်သည့် ကင်အီဆွန်းရင်ပြင်သို့ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါရင်ပြင်တွင် ကျင်းပသည့် တရားဝင် ကြိုဆိုရေးအခမ်းအနား၌ တရုတ်သမ္မတအား ကော်ဇောနီခင်း၍ ကြိုဆိုခဲ့ပြီး အမြောက် ၂၁ ချက်ဖြင့် ဂုဏ်ပြုခဲ့သည်။ ထို့အပြင် မြင်းတပ်ဖွဲ့များ၊ စစ်တီးဝိုင်းများဖြင့် နှစ်နိုင်ငံ အမျိုးသားသီချင်းများကို တီးခတ်၍ ဂုဏ်ပြုခဲ့ကြသည်။ တရုတ်နိုင်ငံပိုင် သတင်းဌာနဖြစ်သည့် ဆင်ဟွာ ၏ ဖော်ပြချက်အရ ကင်ဂျုံအန်းနှင့် ရှီကျင့်ဖျင်တို့သည် စစ်ရေးပြချီတက်ပွဲကို ကြည့်ရှုခဲ့ကြပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေး၍ အလေးပြုခြင်း ခံယူခဲ့ကြသည်။ ထို့အပြင် တပ်ဖွဲ့ဝင်များက “ရဲဘော် ရှီကျင့်ဖျင် ကျန်းမာပါစေ” ဟု ကိုရီးယားဘာသာဖြင့် ကြွေးကြော်ခဲ့ကြသည်။ ယင်းနောက်တွင် သမ္မတရှီနှင့် ဇနီးဖြစ်သူတို့အား ကူဆူဆန် နိုင်ငံတော် ဧည့်ရိပ်သာသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့သည် ထိုနေရာတွင် တည်းခိုမည်ဖြစ်သည်။ ရင်ပြင်၏ အလယ်ဗဟိုတွင် ခေါင်းဆောင်နှစ်ဦး၏ ပုံတူကြီးများကို ချိတ်ဆွဲထားပြီး “မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ထာဝရချစ်ကြည်ရေး” ဟု တရုတ်နှင့် ကိုရီးယားဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်များကိုလည်း တပ်ဆင်ထားသည်။ ကိုးကား -SCMP Post navigation ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ဖင်လန်နိုင်ငံတွင် ထိုင်းနိုင်ငံသား ဘယ်ရီသီးခူးသမားများကို လူကုန်ကူးမှုဖြင့် စီးပွားရေးလုပ်ငန်းရှင်အား ထောင်ဒဏ်ချမှတ်