PSM (NEWS)

ဇွန် ၉၊ ၂၀၂၆

ဖင်လန်နိုင်ငံရှိ တရားရုံးတစ်ခုသည် ဇွန်လ ၈ ရက် တနင်္လာနေ့တွင် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအား ထိုင်းနိုင်ငံသားများကို ဘယ်ရီသီးခူးရန် ဖင်လန်နိုင်ငံသို့ လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်။

ဖင်လန်အာဏာပိုင်များသည် မကြာသေးမီနှစ်များအတွင်း ဘယ်ရီသီးလုပ်ငန်းတွင် ရာသီအလိုက်လာရောက်လုပ်ကိုင်သူ ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်မှုများ ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်လာခဲ့သည်။ ထို့ပြင် အဆိုပါကဏ္ဍရှိ ထိပ်တန်းကုမ္ပဏီများသည် လုပ်ခလစာများကို နှိမ့်ချရန်အတွက် လုပ်ငန်းစုဖွဲ့ကာ (Cartel) လုပ်ဆောင်ခဲ့သည်ဟုလည်း စွပ်စွဲထားသည်။

လာပလန်ခရိုင်တရားရုံးသည် Polarica ဘယ်ရီသီးကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဂျူကာ ခရစ်စတို အား လူကုန်ကူးမှု စွဲချက် ၇၈ ချက်ဖြင့် ပြစ်ဒဏ်စီရင်ခဲ့သည်။

သူ၏ ထိုင်းလူမျိုး လုပ်ငန်းတွဲဖက်ဖြစ်သူ ကလျာကွန် ဖုန်းဖစ် ယကိုလည်း အလားတူ ပြစ်မှုများဖြင့် ပြစ်ဒဏ်စီရင်ခဲ့သော်လည်း၊ သူမသည် အခြားဘယ်ရီသီးကုမ္ပဏီတစ်ခုနှင့်ပတ်သက်သော အမှုတွင် ယခင်နှစ်က ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရပြီးဖြစ်သည့်အတွက် ယခုအမှုတွင် ထောင်ဒဏ် ၉ လသာ ချမှတ်ခဲ့သည်။

ဖင်လန်ပြည်သူ့အသံလွှင့်ဌာန Yle ၏ အဆိုအရ ဤအမှုသည် ဖင်လန်နိုင်ငံ၏ အကြီးမားဆုံး လူကုန်ကူးမှုအမှု ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ထိုင်းလုပ်သားများကို ဖင်လန်နိုင်ငံတွင် တောရိုင်းဘယ်ရီသီးများ ခူးဆွတ်ရန် ခေါ်ဆောင်ခဲ့သော်လည်း လုပ်ခလစာရရှိမှုနှင့် လုပ်ငန်းခွင်အခြေအနေများနှင့် ပတ်သက်၍ လိမ်လည်လှည့်ဖြားခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။

ခရီးသွားလာစရိတ်နှင့် နေ့စဉ်နေထိုင်စရိတ်များ မြင့်မားမှုကြောင့် ၂၀၂၂ ခုနှစ်တွင် ဖင်လန်သို့ ရောက်ရှိချိန်၌ပင် လုပ်သားများသည် ကုမ္ပဏီထံ၌ အကြွေးတင်နေခဲ့ပြီး “နေ့စဉ် အနားမယူဘဲ အလုပ်လုပ်ရသော်လည်း ဝင်ငွေဟူ၍ မရှိသလောက်ပင်” ဖြစ်နေကြောင်း တရားရုံးစီရင်ချက်တွင် ဖော်ပြထားသည်။

ထိခိုက်နစ်နာသူများကို ပေးအပ်ထားသည့် တည်းခိုခန်းအချို့မှာ “အရည်အသွေး အလွန်ညံ့ဖျင်းခြင်း သို့မဟုတ် နေရာကျဉ်းမြောင်းခြင်းတို့ကြောင့် တည်းခိုခအဖြစ် ကောက်ခံသည့်ငွေကြေးမှာ နေရာထိုင်ခင်းအဆင့်အတန်းနှင့် မမျှတ” ကြောင်း တရားရုံးက ကောက်ချက်ချခဲ့သည်။

အခြေခံပညာအဆင့်သာရှိပြီး ထိုင်းဘာသာစကားသာ ပြောဆိုတတ်သည့် ရာသီ လုပ်သားများသည် “တရားခံများ သတ်မှတ်ပေးထားသည့် အခြေအနေအောက်တွင် အကြွေးများဆပ်ရန်အတွက် ဘယ်ရီသီးခူးသည့်အလုပ်ကို ဆက်လုပ်ရခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ”။

ထို့ကြောင့် တရားရုံးက “ဘယ်ရီသီးခူးသည့်အလုပ်မှာ အဓမ္မလုပ်အားပေးခိုင်းစေမှုအဖြစ် ပြောင်းလဲသွားခဲ့သည်” ဟု ဆုံးဖြတ်ခဲ့သည်။

တရားရုံးသည် အမှုဆောင်အရာရှိချုပ်ဟောင်းအား ၅ နှစ်ကြာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမှ တားမြစ်ခဲ့ပြီး ၎င်း၏ စစ်မှုထမ်းအဆင့်ကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့သည်။

ခရစ်စတို၊ ဖုန်းဖစ်နှင့် ဘယ်ရီသီးကုမ္ပဏီတို့အား ထိခိုက်နစ်နာသူများအတွက် ငွေကြေးဆုံးရှုံးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် လျော်ကြေးငွေ ယူရို ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅၇၆,၀၀၀) ခန့် ပေးဆောင်ရန်နှင့် တရားစွဲဆိုမှုစရိတ်အတွက် ယူရို ၄၀၀,၀၀၀ ထပ်မံပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

Yle ၏ အဆိုအရ စွပ်စွဲခံထားရသူများသည် စွဲချက်များကို ငြင်းဆိုထားပြီး အယူခံဝင်ရန် စီစဉ်နေသည်။ ပြည်သူ့ရှေ့နေဘက်မှလည်း ပြစ်ဒဏ်ပိုမိုပြင်းထန်စေရန်အတွက် အယူခံဝင်သွားမည်ဖြစ်သည်။

ဖင်လန်နိုင်ငံ၏ သစ်တောများတွင် တောရိုင်းလင်ဂွန်ဘယ်ရီ၊ ဘလူးဘယ်ရီနှင့် Cloudberry သီးများ ပေါများစွာရှိပြီး ဒေသတွင်းကုမ္ပဏီများသည် ၎င်းတို့ကို ခူးဆွတ်ရန်အတွက် ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာကို ငှားရမ်းလေ့ရှိသည်။

မေလနှောင်းပိုင်းတွင် ဖင်လန်နိုင်ငံ၏ ယှဉ်ပြိုင်မှုနှင့် စားသုံးသူအာဏာပိုင်အဖွဲ့က Polarica ကုမ္ပဏီအပါအဝင် ဘယ်ရီသီးခူးသည့် ကုမ္ပဏီအများအပြား ပါဝင်သည့် “လုပ်ငန်းစု (Cartel)” တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါကုမ္ပဏီများသည် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဘယ်ရီသီးခူးသမားများအား လုပ်ခလစာ နည်းပါးစွာပေးရန်အတွက် တရားမဝင် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *