PSM(News) ဇွန် ၉၊ ၂၀၂၆ ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ဘေး ရှောင်များနှင့် စစ်ဘေးသင့်ပြည်သူများအရေး ကူညီဆောင်ရွက်ပေးနေသည့် နိုင်ငံရေးအကျဉ်း သားဟောင်း စာရေးဆရာ ဝေဟင်အောင်၏ စစ်တွေမြို့ရှိ နေအိမ်ကို အာဏာလုစစ်အုပ်စုက မတရား ချိပ်ပိတ်လိုက်ကြောင်း သိရသည်။ စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်၊ စစ်ကဲလမ်းရှိ စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်ကို ယမန်နေ့ ဇွန် ၈ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ချိပ်ပိတ်သွားခြင်း ဖြစ်သည်။ “မနေ့ညနေ ၆ နာရီလောက်က ရဲတွေလာပြီးတော့ ချိပ်ပိတ်သွားတယ်လို့ သိရတယ်။ လက်ရှိမှာတော့ ဒီလောက်ပဲ သိရပါသေးတယ်။ ဘာကြောင့် ချိပ်ပိတ်တယ်ဆိုတာကိုတော့ တိတိကျကျ ဘာမှမသိရ သေးပါဘူး” ဟု စာရေးဆရာ ဝေဟင်အောင်က PSM News ကို ပြောသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် စာရေးဆရာ ဝေဟင်အောင်သည် ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့ဇာတိဖြစ်ပြီး စစ်တွေမြို့တွင် အိမ်ထောင်ကျကာ ထိုမြို့၌ပင် အခြေစိုက် နေထိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။ စာရေးဆရာ ဝေဟင်အောင်သည် လွန်ခဲ့သော ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ရသေ့တောင်မြို့၌ ကျင်းပခဲ့သည့် (၂၃၃) ကြိမ်မြောက် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲအပြီးတွင် နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားစေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့် ထောင်ဒဏ် ၂၀ နှစ် မတရားအမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။ ယင်းနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်အုပ်စု၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ ထောင်မှလွတ်မြောက်လာပြီးနောက်ပိုင်းတွင် စာရေးဆရာ ဝေဟင်အောင်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း ရောက်ရှိနေထိုင်ကာ ရခိုင်စစ်ဘေးရှောင် ပြည်သူများနှင့် စစ်ဘေးသင့်ဒေသခံများအရေးကို အစဉ်တစိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ပုံစာ-မြောက်ဦးတွင် စစ်အုပ်စု၏ ဗုံးကြဲချမှုကြောင့် ဒဏ်ရာရရှိသူများကို အလှူငွေ လာရောက် ပေးအပ်နေသည့် စာရေးဆရာ ဝေဟင်အောင်ကို တွေ့ရစဉ်။ Post navigation ပဲခူးတိုင်းတွင် စစ်အုပ်စုက ဘုန်းကြီးကျောင်းကို ဗုံးကြဲပြီး အရပ်သား ၂၈ ဦးကို အစုလိုက်သတ်ဖြတ်ခဲ့ကြောင်း Fortify Rights ထုတ်ပြန် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ အလုပ်အကိုင် အခွင့်အလမ်းရရှိလာ