(ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ရက်စက်စွာ သတ်ဖြတ်ခဲ့မှုများမှာ စစ်ရာဇဝတ်မှုမြောက်သဖြင့် နိုင်ငံတကာက ချက်ချင်းအရေးယူရန် တိုက်တွန်း) မောင်မောင်ကဲ/PSM(News) ဇွန် ၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီးအတွင်း၌ အာဏာလုစစ်အုပ်စုက အရပ်သား ပြည်သူများ ခိုလှုံရာ ဘုန်းကြီး ကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေပြင်တွင် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် ခြင်းများကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၂၈ ဦး သေဆုံးခဲ့ရကြောင်း လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights က ယနေ့ ဇွန် ၉ ရက်တွင် ထုတ်ပြန်ထားသည် ။ ပဲခူးတိုင်း၊ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ -၂၀၊ ခလရ -၂၆၄ နှင့် ခမရ -၄၃၉ စစ်ကြောင်းများက ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ကြောင်းများသည် ရေတွင်းကုန်းကျေးရွာအတွင်း ဝင်ရောက်စီးနင်းကာ ဒေသခံများကို ဓားစာခံအဖြစ် မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဘုန်းကြီးကျောင်းကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲခြင်းများ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများနှင့် လွတ်မြောက်လာ သူများ၏ ထွက်ဆိုချက်များကို ဖော်ပြထားသည် ။ Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအရ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သုံးစွဲကာ ကြမ်းတမ်းရက်စက်စွာ ပြုမူခဲ့ကြပြီး ဘုန်းကြီးကျောင်းအတွင်း တော်လှန်ရေးအင်အားစုများ မရှိကြောင်း သိလျက်နှင့် “ဘုန်းကြီးကျောင်းကို ဗုံးကြဲချပစ်” ဟု တပ်မှူးဖြစ်သူက စကားပြောစက်မှတစ်ဆင့် အမိန့်ပေးကာ ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။ “စစ်သားတစ်ဦးက ကလေးတစ်ယောက်ကို ပစ်သတ်လိုက်ပြီ” ဆိုသည့် အစီရင်ခံပြောကြား နေမှုကိုကြားခဲ့ရပြီး အဆိုပါစစ်သား ရည်ညွှန်းပြောဆိုသော ကလေးမှာ သားဖြစ်သူဖြစ်နေသည်ကို နောက်မှ သိရကြောင်း တိုက်ခိုက်ခံရမှုအတွင်း ဇနီးနှင့်သားကို ဆုံးရှုံးခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသူ အသက် ၄၃ နှစ်အရွယ် အမျိုးသားက Fortify Rights ကို ဖြေကြားခဲ့သည်။ “ကျွန်တော့်သားက အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။ သူက ကြောက်ပြီး ထွက်ပြေးတာကို သူတို့က သေနတ်နဲ့ လှမ်းပစ်လိုက်ကြတာ” ဟု ၎င်းက ဆိုသည်။ စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲချခြင်းတို့ကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ မကြာမီ မွေးဖွားတော့မည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှင့် ဒေသခံများ စုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ရသည် ။ “ကိုယ်ဝန်ဆောင် အမျိုးသမီးကသေနေပြီ။ ပြီးတော့ ကလေးလက်လေး သူ့ဗိုက်ထဲကနေ ထွက်နေတာ။ မကြာခင် ကလေးမွေးတော့မှာထင်တယ်” ဟု လေကြောင်းတိုက်ခိုက်မှုအပြီး ဘုန်းကြီးကျောင်းကို သွားရောက် ခဲ့သည့်အဖွဲ့တွင် ပါဝင်သောကျောင်းကုန်း ရွာသားတစ်ဦးကလည်း Fortify Rights ကို ပြောသည်။ ယင်းနောက် ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်ရက်အကြာ မတ်လ ၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက အသက်အန္တရာယ်ကြားမှ ဖမ်းဆီးခံထားရသည့် အရပ်သားများကို အောင်မြင်စွာ သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Fortify Rights က ထည့်သွင်းဖော်ပြထားသည် ။ “ပဲခူးတိုင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ စစ်အုပ်စုက အရပ်သားပြည်သူတွေကို အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေတဲ့ မဟာ ဗျူဟာကို ထင်ထင်ရှားရှား ပြသလိုက် တာပဲဖြစ်တယ်။ ဘုန်းကြီး ကျောင်းကို ဗုံးကြဲတာ၊ ကလေးငယ်တွေကို သတ်ဖြတ်တာတွေဟာ စစ်ရာ ဇဝတ်မှုမြောက်ပြီး နိုင်ငံတကာက အရေးယူတာဝန်ခံမှုရှိလာဖို့ ဘယ်လောက်အထိ အရေး တကြီး လိုအပ်နေပြီလဲဆိုတာ ပြသနေတာပါ” ဟု Fortify Rights ဒါရိုက်တာ John Quinley က ပြောကြားသည် ။ ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာစစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်ဖ်ို့ ချက်ချင်းဆောင်ရွက်ကြရန် ၊ စစ်ခေါင်းဆောင် မင်းအောင် လှိုင်၏ တရားမဝင် စစ်တပ်အုပ်ချုပ်ရေး ကြိုးပမ်းမှုများကို ပယ်ချရန်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် အထောက်အပံ့များကို ထိရောက်စွာ ပေးအပ်ကြရန် Fortify Rights အဖွဲ့က အလေးအနက် တိုက်တွန်း ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဓာတ်ပုံ-KNU ပုံစာ-ပဲခူးတိုင်း၊ ရေတွင်းကုန်းကျေးရွာရှိ သေဆုံးသွားသော ဒေသခံများကို မြေမြုပ်ရန် ပြင်္ငဆင်နေစဉ်၊ Post navigation ရွှေကူမှ ဗန်းမော်သို့ စစ်ကူပို့မည့် စစ်အုပ်စု၏ စစ်ရေးရည်မှန်းချက်ကို KIA ဖြတ်တောက်မည် AA နယ်မြေတွင် စစ်ဘေးရှောင်များကို ကူညီနေသည့် စာရေးဆရာ ဝေဟင်အောင်၏ စစ်တွေရှိ နေအိမ် ကို စစ်အုပ်စုက ချိပ်ပိတ်