PSM(News)

ဇွန် ၉၊ ၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ဘက်ကနေ နှစ်ချီကြာ မြို့တွင်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ဗန်းမော်မြို့သို့ စစ်ကူစစ်ကြောင်းများ ပေးပို့ရန် အာဏာလုစစ်အုပ်စုက ပြင်ဆင်နေပြီး အဆိုပါ စစ်ရေး ရည်မှန်းချက်ကို အလုံးစုံဖြတ်တောက်တိုက်ခိုက်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံမှ သိရသည်။

အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့် မေလဆန်းပိုင်းမှစတင်ကာ ငအိုးကျေးရွာအခြေစိုက် ခလရ – ၁၂၁ တပ်ရင်း၌ လူအင်အားစုဖွဲ့၍ ရွှေကူ – ငအိုး လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန်နှင့် ရွှေကူမြို့သို့ စစ်ကူများ ထပ်မံဖြည့်တင်းနိုင်ရန် စစ်ကြောင်းထိုး လှုပ်ရှားနေခြင်းဖြစ်သည်။ ထိုသို့ စစ်ကြောင်းထိုးလာမှုကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက လမ်းခုလတ်မှ ဖြတ်တောက်တိုက်ခိုက်နေသည့်အတွက် အဆိုပါ လမ်းပိုင်းတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

“ငအိုး – ရွှေကူဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာ တစ်လဝန်းကျင်လောက် ရှိပါပြီ။ နေ့တိုင်းလိုလို တိုက်ပွဲ ဖြစ်ပါတယ်။ စစ်အုပ်စုဘက်ကလည်း သူ့အင်အားနဲ့သူ စစ်ကြောင်းထိုးနေတဲ့ အချိန်ကာလနဲ့ နေရာဒေသ လည်း ဖြစ်ပါတယ်” ဟု ‎ဗိုလ်မှူးကြီးနော်ဘူက PSM ကိုပြောသည်။

လက်ရှိ ရွှေကူမြို့ပေါ်တွင် အာဏာလုစစ်အုပ်စု၏ ခလရ – ၅၆ တပ်ရင်း အခြေစိုက်ကာ မြို့ပေါ်ဧရိယာ ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာအများစုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စိုးမိုးထားသည်။

ငအိုးကျေးရွာဘက်မှ လာသည့် စစ်အုပ်စုစစ်ကြောင်းနှင့် ရွှေကူမြို့ပေါ်ရှိ ခလရ – ၅၆ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေကူမြို့မှ ၃၈ မိုင်ခန့် ကွာဝေးပြီး မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေသည့် ဗန်းမော်မြို့သို့ စစ်ကူတက်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။

“ရွှေကူကနေ ဗန်းမော်ဘက်ကို ပြန်တက်ဖို့ သူတို့ရဲ့ စစ်ရေးမဟာဗျူဟာနဲ့ လှုပ်ရှားနေတာမျိုး တွေ့ရပါတယ်။ ဒါကြောင့် တိုက်ပွဲကတော့ ရှေ့ဆက်ပြီး ပြင်းပြင်းထန်ထန် ရှိနေဖို့ များပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှု အခြေအနေကို သုံးသပ်သည်။

ထိုအခြေအနေကို ဟန့်တားကာ စစ်အုပ်စု၏ စစ်ကူလမ်းကြောင်း စစ်ရေးရည်မှန်းချက်ကို ဖြတ်တောက် တိုက်ခိုက်ရန်အတွက် KIA တပ်မဟာ (၁၁)၊ တပ်ရင်း-၁၂ က ရွှေကူ – ငအိုးလမ်းနှင့် ရွှေကူမြို့ အဝင်လမ်းတို့ကို သွားလာခွင့် အရေးပေါ် ပိတ်ပင်ထားပြီး ဒေသခံပြည်သူများကိုလည်း ရွှေကူမြို့တွင်း ကနေ အမြန်ဆုံး ထွက်ခွာရှောင်တိမ်းကြရန် ကြေညာချက် ထုတ်ပြန်ထားသည်။

“ဒါကြောင့် ပြည်သူလူထုကိုလည်း ဘေးကင်းလုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းဖို့ အသိပေးတဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ရတာ ဖြစ်ပါတယ်။ ဘယ်လိုဖြစ်လာမယ်၊ ဘယ်လို တိုက်ခိုက်မယ် ဆိုတာကတော့ စစ်မဟာဗျူဟာနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်နေလို့ ကျွန်တော့်အနေနဲ့ အသေးစိတ်ပြောဖို့ အဆင်မပြေပါဘူး။ ဒါပေမယ့် ပြည်သူလူထုကိုတော့ လုံလုံခြုံခြုံဖြစ်စေချင်လို့ ကြိုတင်ပြီးတော့ သတိပေးတာဖြစ်ပါတယ်” ဟု ဒေသခံများ ရှောင်တိမ်းရန် ကြေညာချက် ထုတ်ပြန်ရသည့် အကြောင်းရင်း ကို ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောကြားသည်။

KIA ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု၏ လေကြောင်းပစ်ကူပေး ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တစ်နှစ်ကျော်ကြာသည်အထိ အပြီးသတ်မသိမ်းပိုက်နိုင်သေးဘဲ မြို့တွင်း၌ နှစ်ဖက် စစ်ဆိုင်ထားဆဲ ဖြစ်သည်။

လက်ရှိတွင် ဗန်းမော်မြို့ဧရိယာအများစုမှာ စစ်အုပ်စု၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် ပစ်ကွင်းရှင်းရန် တမင်မီးရှို့ဖျက်ဆီးမှုများကြောင့် ပျက်စီးဆုံးရှုံးနေရကြောင်း သိရသည်။

ပုံစာ-KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *