PSM(News)

ဇွန် ၈ ၊ ၂၀၂၆

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်အုပ်စု တပ်ဖွဲ့များကို ဒရုန်းဖြင့် ဗုံးသီးအလုံးရေ ၉၀ ကျော်အသုံးပြုကာ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက် ခဲ့ကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ က ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများကို လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) နှင့် ကျောင်းသား တော်လှန်ရေးတပ် (SRF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မေလ တတိယပတ်မှ ဇွန်လဆန်း ပိုင်းအထိ ရက်သတ္တပတ်ကျော်ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လောင်းလုံမြို့မှ စစ်ပြဲရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို မေ ၂၂ ရက်နေ့တွင် ဒရုန်းဗုံးသီး ၈ လုံးဖြင့် (၁) ကြိမ်၊ စစ်ပြဲရွာမှ ဂေါ့အင်းရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာစဉ် မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ဒရုန်းဗုံးသီး ၃၅ လုံးဖြင့် (၃) ကြိမ် တိုက်ခိုက်ခဲ့သည်။ထို့ပြင် ဂေါ့အင်းရွာမှ ကဒက်ကြီးရွာသို့ ထပ်မံစစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ကို မေ ၂၈ ရက်မှ ၃၀ ရက်အထိ ဒရုန်းဗုံးသီး ၃၉ လုံးဖြင့် (၃) ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ယင်းနောက် ဇွန်လ ၁ ရက်နေ့တွင်လည်း ကဒက်ကြီးရွာမှ ဂေါ့အင်းရွာသို့ ပြန်လည်ဆုတ်ခွာသွားသည့် စစ်အုပ်စုစစ်ကြောင်းကို ဒရုန်းဗုံးသီး ၆ လုံးဖြင့် (၁) ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး သေဆုံး/ဒဏ်ရာရရှိမှု အသေးစိတ်အချက်အလက်များကိုမူ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

လောင်းလုံမြို့နယ်အတွင်း အာဏာလုအစိုးရတပ်များ အချိန်မရွေး ထပ်မံစစ်ကြောင်းထိုးလာနိုင်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် လမ်းခရီးသွားလာမှု များကို သတိပြုဆင်ခြင်ကြရန်၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန်နှင့် စစ်ရေးသတိအမြဲရှိကြရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ-သံမဏိလိပ်ပြာတပ်ဖွဲ့

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed