PSM (NEWS) ဇွန် ၉၊ ၂၀၂၆ ကလေးငယ်များ၏ စမတ်ဖုန်းများတွင် ကိုယ်လုံးတီးပုံများကို ရိုက်ကူးခြင်း၊ မျှဝေခြင်း သို့မဟုတ် ကြည့်ရှုခြင်း လုံးဝမပြုလုပ်နိုင်စေရန်အတွက် Apple နှင့် Google ကုမ္ပဏီနှစ်ခုကို ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ က သုံးလအတွင်း အရေးယူဆောင်ရွက်ရန် နောက်ဆုံးသတ်မှတ်ချက်ပေးလိုက်သည်။ အဆိုပါကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စက်ပစ္စည်းများတွင် ပါဝင်ပြီးဖြစ်သော စနစ်များကို အသက်သွင်းရန် သို့မဟုတ် ဖုန်းနှင့် တက်ဘလက်များတွင် ထိုကဲ့သို့သော အကြောင်းအရာများကို ဖော်ထုတ်ပြီး ပိတ်ဆို့နိုင်မည့် နည်းပညာဆိုင်ရာ ဖြေရှင်းချက်အသစ်များကို ရှာဖွေဆောင်ရွက်ရန် အစိုးရက လိုလားနေသည်။ ဤအစီအစဉ်အရ အရွယ်ရောက်ပြီးသူများအနေဖြင့် ကိုယ်လုံးတီးပုံများကို ရိုက်ကူးခြင်း သို့မဟုတ် ကြည့်ရှုလိုပါက ၎င်းတို့၏ အသက်ကို စစ်ဆေးအတည်ပြုရမည်ဖြစ်သည်။ ကုမ္ပဏီများအနေဖြင့် အဆိုပါပြောင်းလဲမှုများကို အကောင်အထည်မဖော်ပါက ဥပဒေသစ်များ ပြဋ္ဌာန်း၍ အရေးယူသွားမည်ဖြစ်ပြီး၊ ဒဏ်ငွေများချမှတ်ခြင်းနှင့် အဆိုးရွားဆုံးအခြေအနေတွင် နည်းပညာကုမ္ပဏီအကြီးအကဲများကို ရာဇဝတ်မှုဆိုင်ရာ တာဝန်ယူစေခြင်းတို့အထိ လုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ်က သတိပေးခဲ့သည်။ အဆိုပါပြောင်းလဲမှုများသည် ဗြိတိန်နိုင်ငံအတွင်း အသုံးပြုနေပြီးသော စမတ်ဖုန်းနှင့် တက်ဘလက်များအပြင် အသစ်ရောင်းချမည့် စက်ပစ္စည်းများတွင်ပါ အကျုံးဝင်မည်ဖြစ်သည်။ လန်ဒန်မြို့၌ ယမန်နေ့ ဇွန်လ ၈ ရက် က ကျင်းပသည့် Tech Week အခမ်းအနားတွင် ဝန်ကြီးချုပ် စတာမာက “ကလေးငယ်တွေဟာ ဖုန်းတွေကနေတစ်ဆင့် ကိုယ်လုံးတီးပုံတွေကို ပေးပို့တာ၊ လက်ခံရယူတာတွေ လုပ်နိုင်နေတာဟာ အဓိကပြဿနာတစ်ခုပါပဲ” ဟုမိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ “ကုမ္ပဏီတွေက ဒါကို မလုပ်ဆောင်ဘူးဆိုရင် ကျွန်တော်တို့က ဥပဒေကို ပြောင်းလဲလိုက်မှာပါ။ ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက်ဆိုရင် ဘေးကနေ ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ” ဟု ပြောကြားခဲ့သည်။ ကိုးကား-SCMP Post navigation ကမ္ဘာကြီးသည် ပြင်းထန်သော အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း စပိန်ပါလီမန်တွင် ပုပ်ရဟန်းမင်းကြီး လီယို သတိပေး