PSM (NEWS)

ဇွန် ၁၀၊၂၀၂၆

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၏ မြောက်ဘက်ရှိ ဥတ္စုနိုမိယ (Utsunomiya) မြို့တွင် ရက်ပေါင်းလေးရက်ကြာ လှည့်လည်သွားလာနေခဲ့ပြီး မြို့တွင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းအားလုံးကို ပိတ်ထားရသည်အထိ ဖြစ်စေခဲ့သော ဝက်ဝံကို ဇွန်လ (၉) ရက်၊ အင်္ဂါနေ့တွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဝက်ဝံသည် စျေးဝယ်စင်တာ၊ တက္ကသိုလ်နှင့် လက်ကားရောင်းချသည့် စျေးတို့တွင် အကြိမ်ကြိမ် ပေါ်လာခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့် မုဆိုးများက ရဟတ်ယာဉ်များပါ အသုံးပြု၍လိုက်လံရှာဖွေခဲ့ရသည်။ အင်္ဂါနေ့တွင်မူ ရဲအရာရှိများ၊ မုဆိုးများနှင့် မြို့တော်အရာရှိများက ဝက်ဝံကို တွေ့ရှိရသည့် နေအိမ်တစ်လုံးအား ဝိုင်းရံထားခဲ့ကြပြီးနောက် မေ့ဆေးခတ်ထားသည့် ကျည်ဆန်ဖြင့် ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဥတ္စုနိုမိယမြို့တွင် ဝက်ဝံများ ပေါ်လာခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယမန်နှစ်က ဂျပန်နိုင်ငံတွင် ဝက်ဝံများကြောင့် လူ (၁၃) ဦး သေဆုံးခဲ့ရသည့် စံချိန်တင်မှတ်တမ်း ရှိခဲ့သည်။ လက်ရှိအချိန်တွင် ဆောင်းခိုရာမှ နိုးထလာသော ဝက်ဝံများ အစာရှာရန် လူနေရပ်ကွက်များအတွင်း ဝင်ရောက်လာမှု မြင့်တက်လျက်ရှိသည်။ ပညာရှင်များ၏ အဆိုအရ ရာသီဥတု ပူနွေးလာမှုကြောင့် တောတောင်များတွင် ဝက်ဝံများ စားသုံးသည့် အစာ (သစ်စေ့၊ သမင်၊ တောဝက်) များ ပိုမိုပေါများလာသည်။ အစာပေါများလာသည့်အတွက် ဝက်ဝံများ ပိုမိုရှင်သန်ပေါက်ပွားလာကာ ဦးရေ တိုးပွားလာခြင်းဖြစ်သည်။

ထို့ကြောင့် ဝက်ဝံများမှာ အစာရှာဖွေရန်အတွက် လူနေရပ်ကွက်များဆီသို့ ပိုမိုဝင်ရောက်လာခြင်း ဖြစ်သည်။

ထို့အပြင် ဖူကူရှီးမားမြို့တွင် လူလေးဦးကို ဒဏ်ရာရရှိစေခဲ့သော ဝက်ဝံတစ်ကောင်မှာလည်း ပြတင်းပေါက်များကို ကိုယ်တိုင်ဖွင့်၍ လွတ်မြောက်သွားသဖြင့် ယခုတိုင် အဖမ်းမမိသေးကြောင်း သတင်းများက ဖော်ပြထားသည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *