PSM (NEWS)

ဇွန် ၉၊၂၀၂၆

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ၊ ပိုမိုနက်ရှိုင်းလာသည့် နိုင်ငံရေးအရ ကွဲပြားမှုများနှင့် လူ့အခွင့်အရေးကို လျစ်လျူရှုမှုများကြောင့် ကမ္ဘာကြီးသည် ပြင်းထန်သော အကျပ်အတည်းတစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက စပိန်ပါလီမန်တွင် မိန့်ခွန်းပြောကြားစဉ် သတိပေးလိုက်သည်။

ကမ္ဘာ့ခေါင်းဆောင်များ၏ ဦးဆောင်မှုလမ်းကြောင်းအပေါ် မကြာသေးမီက ပိုမိုပြင်းထန်သည့် လေသံဖြင့် ဝေဖန်ပြောဆိုလာသည့် ပုပ်ရဟန်းမင်းကြီးသည် ဥရောပနိုင်ငံများ၏ စစ်ရေးအသုံးစရိတ် တိုးမြှင့်မှုကိုလည်း ထပ်မံကန့်ကွက်ခဲ့ပြီး နိုင်ငံရေးသမားများအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော စစ်ပွဲများကို ရပ်တန့်ကာ ရွှေ့ပြောင်းအခြေချသူများကို ကူညီပေးရန် တိုက်တွန်းခဲ့သည်။

“ကမ္ဘာကြီးဟာ ဝိညာဉ်ရေးရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။ ဒါဟာ အကြမ်းဖက်မှုပုံစံမျိုးစုံ၊ နိုင်ငံရေးအရ ကွဲပြားမှုတွေနဲ့ အပြန်အလှန် မယုံကြည်မှုတွေကနေတစ်ဆင့် ထင်ရှားနေပါတယ်” ဟု အစ္စရေးနှင့် အီရန်တို့အကြား နှစ်လကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြားလုနီးပါးဖြစ်ပြီးနောက် နာရီပိုင်းအကြာတွင် ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။ “လက်နက်တွေက ခေတ္တမျှ ငြိမ်သက်သွားအောင် လုပ်နိုင်ပေမယ့် စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုတော့ ဘယ်တော့မှ မတည်ဆောက်ပေးနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။

စပိန်ဘာသာစကားဖြင့် ပြောကြားခဲ့သည့် ဤမိန့်ခွန်းအား လွှတ်တော်အမတ်များက ၇ မိနစ်ကြာ မတ်တတ်ရပ်၍ ဂုဏ်ပြုခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီးသည် ၎င်း၏ စပိန်ခရီးစဉ်အတွင်း ရွှေ့ပြောင်းအခြေချသူများနှင့် အိုးမဲ့အိမ်မဲ့များကို တွေ့ဆုံရန် စီစဉ်ထားပြီး၊ နိုင်ငံခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ ပြည်သူများကို ခွဲခြားဆက်ဆံခြင်းမှ ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

ရွှေ့ပြောင်းအခြေချသူများကို ကူညီရန် ပျက်ကွက်ခြင်းသည် “နိုင်ငံတကာစနစ်၏ ကျင့်ဝတ်ဆိုင်ရာ အခြေခံအုတ်မြစ်ကို စိန်ခေါ်နေခြင်း” ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

နိုင်ငံများအနေဖြင့် ရွှေ့ပြောင်းသူများ၏ စီးဆင်းမှုကို စီမံခန့်ခွဲခြင်းထက် ကျော်လွန်၍ စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ၎င်းတို့၏ မူလနိုင်ငံများမှ ထွက်ခွာလာရသည့် အဓိကအကြောင်းရင်းများကို ဖြေရှင်းပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ကမ္ဘာ့အစိုးရများအား AI စနစ်များ ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေရန် တိုက်တွန်းခဲ့သည့် ပုပ်ရဟန်းမင်းကြီးသည် စစ်ရေးတွင် AI အသုံးပြုမှုအပေါ် “တင်းကျပ်သည့် ကျင့်ဝတ်ဆိုင်ရာ စောင့်ကြည့်မှု” လိုအပ်ကြောင်း တနင်္လာနေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိအားပေးမှုကြောင့် စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံးအထိ တိုးမြှင့်လာသည့် ဥရောပ၏ စစ်ရေးအသုံးစရိတ်ကို “စိုးရိမ်ဖွယ်ရာ” ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများအား ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ထရမ့်၏ တောင်းဆိုမှုကို ငြင်းဆန်ထားသော်လည်း၊ ၎င်းအစိုးရလက်ထက်တွင် အသုံးစရိတ်မှာ ယူရို ၁၀ ဘီလီယံမှ ယူရို ၃၄ ဘီလီယံကျော်အထိ သုံးဆတိုးမြှင့်လာခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ပြစ်မှုများကို ဝန်ခံရာတွင် အသုံးပြုသည့် စနစ်သည် ယုံကြည်သူများအတွက် ဘုရားသခင်ရှေ့တွင် စိတ်ဝိညာဉ်ကို ဖွင့်ဟနိုင်သည့် “မြင့်မြတ်သော လွတ်လပ်ခွင့်နေရာ” ဖြစ်ကြောင်း ဆိုသည်။

စပိန်နိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု ခံခဲ့ရသူပေါင်း သိန်းချီရှိနိုင်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတစ်ခုက ဖော်ပြထားသည်။ တနင်္လာနေ့တွင် ကက်သလစ်ဆရာတော်များနှင့် တွေ့ဆုံစဉ် ပုပ်ရဟန်းမင်းကြီးက အလွဲသုံးစားမှု ခံခဲ့ရသူများ၏ စကားကို နားထောင်ရန်နှင့် ၎င်းတို့အား လျော်ကြေးပေးရန် တိုက်တွန်းခဲ့သည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *