PSM (NEWS)

မတ် ၉၊ ၂၀၂၆

အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြှောက်ပြီးဖြစ်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက နိုင်ငံပိုင်မီဒီယာသို့ ပြောကြားခဲ့သော်လည်း နာရီပိုင်းအကြာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးက ယင်းကိစ္စနှင့်ပတ်သက်၍ “မည်သူမျှ မသိရှိသေး” ဟု ပြန်လည်ပြောကြားခဲ့သည်။

ခေါင်းဆောင်ရွေးချယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ အာမတ် အာလာမိုဟိုဒါ က တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် နိုင်ငံပိုင်မီဒီယာသို့ ပြောကြားရာ၌ အီရန်အမြင့်ဆုံးခေါင်းဆောင်သစ်တစ်ဦးကို ရွေးကောက်တင်မြှောက်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မည်သူမည်ဝါဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

အီရန်၊ အမေရိကန်နှင့် အစ္စရေးတို့အကြား စစ်ပွဲသည် ကိုးရက်မြောက်နေ့သို့ ရောက်ရှိလာချိန်တွင် ယင်းဖြစ်ရပ်သည် အရေးပါသော အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

အီရန်၏ ယခင် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာအလီခါမေနီသည် ပြီးခဲ့သည့် စနေနေ့က အစ္စရေး၏ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီ က နိုင်ငံ၏ နောက်ထပ် အမြင့်ဆုံးခေါင်းဆောင် မည်သူဖြစ်မည်ကို “မည်သူမျှ မသိရှိသေး” ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က NBC ၏ Meet the Press အစီအစဉ်တွင် ပြောကြားရာ၌ “ကောလာဟလတွေ အများကြီး ထွက်နေပေမဲ့ ကျွန်တော်တို့အနေနဲ့ ပညာရှင်များပါဝင်တဲ့လွှတ်တော် (Assembly of Experts) ရဲ့ စုံညီအစည်းအဝေး ကျင်းပပြီး အမြင့်ဆုံးခေါင်းဆောင်သစ်အတွက် မဲခွဲဆုံးဖြတ်မှုကို စောင့်ကြည့်ရမှာပါ” ဟု ၎င်းက ဆိုသည်။

The Guardian သတင်းစာ၏ ဖော်ပြချက်အရ အဆိုပါလွှတ်တော်အတွင်း ခေါင်းဆောင်သစ်အမည် ထုတ်ပြန်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေကြောင်း သိရသည်။ အချို့အဖွဲ့ဝင်များက ချက်ချင်း ထုတ်ပြန်နိုင်သည်ဟု ယူဆသော်လည်း အချို့ကမူ လူသိရှင်ကြား မကြေညာမီ နောက်ထပ် အစည်းအဝေးတစ်ရပ် ကျင်းပရန် လိုအပ်ကြောင်း ယုံကြည်နေကြသည်။

တစ်ချိန်တည်းတွင် အစ္စရေးစစ်တပ်က X ပေါ်တွင် ဖာစီဘာသာဖြင့် ရေးသားရာ၌ ခါမေနီ၏ အရိုက်အရာကို ဆက်ခံမည့်သူ ခန့်အပ်ရန် ကြိုးပမ်းသူ မည်သူမဆိုကို လိုက်လံနှိမ်နင်းမည် ဟု ခြိမ်းခြောက်ထားသည်။

ယင်းပြောဆိုချက်မှာ အမြင့်ဆုံးခေါင်းဆောင်သစ်ကို ရွေးချယ်မည့် ဘာသာရေးအဖွဲ့အစည်းကို ရည်ညွှန်းထားခြင်းဖြစ်ပြီး ထိုအခြေအနေကြောင့်လည်း ခေါင်းဆောင်သစ်၏ အမည်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။

ကိုးကား – The Independent

#အမြင့်ဆုံးခေါင်းဆောင်သစ်

#ရွေးချယ်

#ဘာသာရေးအဖွဲ့အစည်း

#အီရန်

#PSM_News

By Htet Ko