PSM(NEWS)

မတ် ၉၊ ၂၀၂၆

စကင်ဒီနေးဗီးယားနိုင်ငံ တစ်ခုဖြစ်သည့် နော်ဝေနိုင်ငံ၏ မြို့တော် အော်စလိုရှိ အမေရိကန်သံရုံးရှေ့တွင် တနင်္ဂနွေနေ့ အစောပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။ တနင်္ဂနွေနေ့ နံနက် ၁ နာရီခန့်တွင် “ကျယ်လောင်သောအသံ” သို့မဟုတ် ပေါက်ကွဲသံတစ်ခု ကြားရကြောင်း သတင်းပေးပို့မှုများ လက်ခံရရှိခဲ့သည်ဟု အော်စလို ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပေါက်ကွဲမှုမှာ မီးလောင်စေတတ်သော ပစ္စည်းတစ်မျိုးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အော်စလို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးနှင့် ထောက်လှမ်းရေးဌာနစုခွဲ၏ အကြီးအကဲဖြစ်သူ ဖရိုဒီ လာဆင် က ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးသူများက အဆိုပါ သံရုံးကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆထားပြီး ကျူးလွန်သူများနှင့် ၎င်းတို့၏ ရည်ရွယ်ချက်ကိုလိုက်လံရှာဖွေနေကြသည်။

သံရုံး၏ အဝင်ဝတွင် ပျက်စီးမှုအချို့ရှိခဲ့သော်လည်း ယခုအချိန်အထိ ဖမ်းဆီးရမိသူ မရှိသေးကြောင်း လာဆင်က ဆိုသည်။

“ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိပါသေးတယ်၊ ဒါပေမဲ့ ဖြစ်နိုင်ခြေ အမျိုးမျိုးကို ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်နေပါတယ်” ဟု လာဆင် ကထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “လက်ရှိလုံခြုံရေးအခြေအနေအရ ဒါဟာ အမေရိကန်သံရုံးကို ပစ်မှတ်ထား တိုက်ခိုက်တာလားဆိုတာကို စဉ်းစားဖို့ကတော့ သဘာဝကျပါတယ်။ ဒါပေမဲ့ အကြောင်းရင်းတစ်ခုတည်းကိုပဲအတည်မပြုနိုင်သေးပါဘူး။”

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနီးနားရှိ လမ်းမများပေါ်တွင် မီးခိုးလုံးများ ထူထပ်စွာ ဖုံးလွှမ်းသွားကြောင်း အနီးနားရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြကြသည်။ ရဲတပ်ဖွဲ့ကမျက်မြင်သက်သေများကိုမေးမြန်းရန်ကြိုးပမ်းလျက်ရှိသည်။

နော်ဝေရဲတပ်ဖွဲ့၏ လုံခြုံရေးဌာန (PST)မှဆက်သွယ်ရေးအကြံပေးဖြစ်သူ မာတင် ဘန်းဆင် ၏ ပြောကြားချက်အရ အဆိုပါဖြစ်စဉ်ပြီးနောက် လုံခြုံရေးအင်အား တိုးမြှင့်ထားသော်လည်း နိုင်ငံ၏ အကြမ်းဖက်မှုအန္တရာယ် သတိပေးချက်အဆင့်ကိုမူ ပြောင်းလဲခြင်း မရှိသေးကြောင်း သိရသည်။

“ဒါဟာ လက်ခံနိုင်စရာမရှိတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး အလေးအနက်ထား ကိုင်တွယ်ဆောင်ရွက်နေပါတယ်”ဟု နော်ဝေနိုင်ငံ တရားမျှတရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး အက်စ်ထရီ အာ့စ်-ဟန်ဆန် က ပြောကြားခဲ့သည်။

“ရဲတပ်ဖွဲ့အနေနဲ့ ဒီအမှုကို အင်အားအလုံးအရင်းနဲ့ စုံစမ်းစစ်ဆေးနေပြီး လက်ရှိအခြေအနေဟာပြည်သူလူထုအတွက် အန္တရာယ်ရှိနိုင်တဲ့ အထောက်အထား မတွေ့ရသေးကြောင်း ပြောထားပါတယ်။

အော်စလိုရှိ အမေရိကန်သံရုံးက မီဒီယာများ၏ မေးမြန်းမှုများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သော်လည်း ဝန်ကြီးဌာနဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးပြန်ကြားခြင်း မရှိသေးပေ။

ကိုးကား AP

#နော်ဝေရဲတပ်ဖွဲ့

#ပေါက်ကွဲမှုဖြစ်ပွား

#အော်စလို

#စုံစမ်းစစ်ဆေးမှု

#အမေရိကန်သံရုံး

#PSM_News

By Htet Ko