PSM (NEWS) မတ် ၈၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု မိချီဂန် ပြည်နယ် တောင်ပိုင်းတွင် သောကြာနေ့က လေဆင်နှာမောင်းနှင့် ပြင်းထန်သော မုန်တိုင်းများ တိုက်ခတ်ခဲ့မှုကြောင့် လူ ၄ ဦး သေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။ မုန်တိုင်းကြောင့် နေအိမ်များစွာ ပျက်စီးခဲ့သလို ဒေသခံရာနှင့်ချီမှာလည်း လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ အမျိုးသားမိုးလေဝသဌာနက အဆိုပါဒေသအတွက် လေဆင်နှာမောင်း သတိပေးချက် ထုတ်ပြန်ပြီး မကြာမီတွင် သရီးရစ်ဗား (Three Rivers) မြို့နှင့် ယူနီယံစီးတီး (Union City) မြို့တို့မှ ဖြစ်သည်ဟု ဆိုသော လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများတွင် အဆောက်အအုံများ၏ အမိုးများ လွင့်စင်သွားခြင်းနှင့် အပျက်အစီးများ လေထဲသို့ လွင့်စင်နေသည့် မြင်ကွင်းများကို မြင်တွေ့ရသည်။ ဒေသတွင်း မီဒီယာများ၏ ရုပ်သံမှတ်တမ်းများတွင်လည်း အဆောက်အအုံများနှင့် ကားများ ပျက်စီးနေပုံများ၊ လျှပ်စစ်မီးတိုင်များ၊ သစ်ပင်များနှင့် လမ်းညွှန်ဆိုင်းဘုတ်များ လဲကျနေပုံများကို တွေ့ရှိရသည်။ ယူနီယံစီးတီး (Union City)တည်ရှိရာ ဘရန့်ခ် (Branch) ခရိုင်တွင် လူ ၃ ဦး သေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ထားသည်။ ထို့အပြင် ကက်စ် (Cass) ခရိုင် တွင်လည်း လူတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များထံမှ သိရသည်။ ကက်စ် ခရိုင်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ထုတ်ပြန်ချက်အရ “နေအိမ်များနှင့် စိုက်ပျိုးရေးသုံး ဂိုဒေါင်များအပါအဝင် ကြီးမားသော အဆောက်အအုံများစွာမှာ ပြင်းထန်စွာ ပျက်စီးခြင်းမှသည် လုံးဝ ပြိုကျပျက်စီးခြင်းအထိ ဖြစ်ပေါ်ခဲ့သည်” ဟု ဆိုသည်။ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဒေသခံ ရာနှင့်ချီ ထိခိုက်ခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။ ယူနီယံစီးတီး ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် “လျှပ်စစ်မီးတိုင်များ အများအပြား လဲကျနေပြီး ထရန်စဖော်မာများ ပျက်စီးကာ လျှပ်စစ်မီးကြိုးများ လမ်းမပေါ်တွင် ပြန့်ကျဲနေသည်။ ယူနီယံရေကန် (Union Lake) ၏ မြောက်ဘက်ခြမ်းတွင် အဆိုးရွားဆုံး ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါနေရာတစ်ခုတည်းတွင် မီတာလိုင်းများ နှစ်မိုင်ခန့် ပြတ်တောက်သွားခဲ့သည်” ဟု ဖော်ပြထားသည်။ လျှပ်စစ်မီး ပြန်လည်ရရှိရန် ရက်အနည်းငယ် ကြာနိုင်ကြောင်းလည်း သိရသည်။ မိချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချန် ဝှစ်မာ က အခြေအနေကို စောင့်ကြည့်နိုင်ရန် ပြည်နယ် အရေးပေါ်လုပ်ငန်းဆောင်ရွက်မှုဗဟိုဌာန (State Emergency Operations Center) ကို ဖွင့်လှစ်ထားကြောင်း ပြောကြားခဲ့သည်။ မိချီဂန်ပြည်နယ် အရေးပေါ်ဝန်ဆောင်မှုနှင့် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကလေးတန် ကမ်မင်း က “ပြည်နယ်အနေနဲ့ လိုအပ်လာနိုင်တဲ့ အရင်းအမြစ်တွေကို ဖြည့်ဆည်းပေးဖို့ အသင့်ရှိပါတယ်။ လက်ရှိအချိန်ထိတော့ တောင်းဆိုချက်မျိုး မရရှိသေးပါဘူး။ မိချီဂန်အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီလိုဆိုးရွားတဲ့ နေ့လယ်နဲ့ ညနေခင်းကို ဒေသတွင်း တုံ့ပြန်မှုတွေနဲ့ပဲ ထိန်းချုပ်နိုင်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ကိုးကား – Reuters #အမေရိကန် #မိချီဂန်ပြည်နယ် #လေဆင်နှာမောင်း #လူ_၄_ဦးသေဆုံး #တစ်ဒါဇင်ကျော်_ဒဏ်ရာရ #ယူနီယံစီးတီး Post navigation ရုရှားရေနံတင်သွင်းမှုကို အိန္ဒိယ ဆက်လက်လုပ်ဆောင်သွားမည်ဟု အစိုးရသတင်းရင်းမြစ် ပြော အီရန် အမြင့်ဆုံးခေါင်းဆောင်သစ် ရွေးချယ်ပြီးဟု အရာရှိတစ်ဦး ပြောကြား၊ နာရီပိုင်းအကြာတွင် “မည်သူမျှ မသိရှိသေး” ဟု နိုင်ငံခြားရေးဝန်ကြီး ပြန်တုံ့ပြန်