ဒေါင်းညို / PSM (News)

မတ် ၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးတွင် စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီး ကျောင်းဝန်းအတွင်းသို့ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်၏ ဂျက်ဖိုက်တာတစ်စင်းသည်ယနေ့ မတ် ၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က မော်လူးမြို့အနီးရှိ နန်းခွင်းကျင်ရွာသို့ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဝန်းအတွင်းနှင့် အနီးတစ်ဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအုတ်တံတိုင်းနှင့် အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦး၏ ခြေမျက်စိတွင် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်မှုမရှိကြောင်း သိရသည်

“မော်လူးမြို့မှာ ကသာနဲ့ အင်းတော်မြို့က စစ်ဘေးရှောင်တွေ အများဆုံး ခိုလှုံနေကြတာပါ။ စစ်ကော် မရှင်တပ်ဟာ အရပ်သားတွေနဲ့ စစ်ဘေးရှောင်တွေ ရှိနေမှန်း သိလျက်နဲ့ ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက် ခဲ့တာ ဖြစ်တယ်” ဟု အင်းတော်ရီဗော်လူးရှင်း (Indaw Revolution – IR) က ထုတ်ပြန်သည်။

အင်းတော်မြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများ အစုလိုက်အပြုံလိုက် ခိုလှုံနေသည့်နေရာများကို စစ်ကော်မရှင်က လေကြောင်းမှတစ်ဆင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်သဖြင့် ပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးသတိပြုကြရန်လည်း IR က တိုက်တွန်းထားသည်။

ဓာတ်ပုံ-CJ

#အင်းတော်

#မော်လူး

#လေကြောင်းတိုက်ခိုက်မှု

#စစ်ကော်မရှင်

#စစ်ဘေးရှောင်များ

#PSM_News

By Htet Ko