PSM(News)

မတ် ၁၀၊ ၂၀၂၆

အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှု ၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ၎င်းတို့၏ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ လျော့ကျသွားခြင်းမရှိဘဲ ပိုမိုဆိုးရွား လာကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ မှတ်တမ်းများအရ သိရသည်။

စစ်အုပ်စုသည် အတုအယောင် ရွေးကောက်ပွဲများကျင်းပပြီးနောက် လွှတ်တော်ခေါ်ယူရန် ကြိုးပမ်း နေသော်လည်း တစ်ဖက်တွင်မူ အပြစ်မဲ့ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်တိုက်ခိုက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း စစ်အုပ်စု၏ အကြမ်းဖက်မှုကြောင့် နိုင်ငံ တစ်ဝှမ်းလုံးရှိ အမျိုးသမီး ၆၃ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း BWU ၏ စောင့်ကြည့်လေ့လာ မှတ်တမ်းတင်ထားမှုများအရ သိရသည်။

သေဆုံးသူ အမျိုးသမီးများအနက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၄၆ ဦး ၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ၈ ဦး ၊ မတရား သတ်ဖြတ်ခံရမှုကြောင့် ၇ ဦး နှင့် ကျည်ထိမှန်မှုကြောင့် သေဆုံးသူ ၂ ဦး တို့ဖြစ်ကြောင်း သိရသည်။

ဒေသအလိုက် သေဆုံးမှုစာရင်းတွင် ရခိုင်ပြည်နယ်သည် ဖေဖော်ဝါရီလအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်ပြီး ၂၂ ဦး အသက်ဆုံးရှုံးခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်းမှ အမျိုးသမီး ၁၂ ဦးနှင့် မကွေးတိုင်းမှ ၁၁ ဦး အသီးသီးရှိကြောင်း သိရသည်။

အထူးသဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာအား စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခုတည်းတွင်ပင် အမျိုးသမီး ၁၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

အမျိုးသမီးများမှာ အသက်ဆုံးရှုံးရုံသာမက ကျန် အမျိုးသမီး ၆၆ဦးမှာလည်း ဖေဖော်ဝါရီအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုများကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

စစ်အုပ်စုသည် နိုင်ငံရေးအရ အတုအယောင် လမ်းကြောင်းများဖြင့် အာဏာတည်မြဲအောင် ကြိုးပမ်း နေသော်လည်း မြေပြင်တွင်မူ အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်လျက်ရှိသည်။

လက်တွေ့မြေပြင်တွင် သတင်းအချက်အလက် ရယူရန် ခက်ခဲမှုများရှိနေသဖြင့် အမှန်တကယ် သေဆုံးမှုနှင့် ထိခိုက်မှု ကိန်းဂဏန်းများသည် ယခုဖော်ပြထားသည်ထက် ပိုမိုများပြားနိုင်ကြောင်း BWU က သတိပေးထားသည်။

ဓာတ်ပုံ – PYA

ပုံစာ-ဖေဖော်ဝါရီ ၂၄ ရက်က ယိုးငူကျေးရွာကို စစ်ကော်မရှင်၏ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများဘေးတွင် ငိုကြွေးနေသည့် မိသားစုဝင်အချို့ကိုတွေ့ရစဉ်။

#အမျိုးသမီးများအခွင့်အရေး

#စစ်ရာဇဝတ်မှု

#စစ်အုပ်စု

#ဖေဖော်ဝါရီလမှတ်တမ်း

#BWU

#PSM_News

By Htet Ko