PSM(News) မတ် ၉၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူး)၊ လယ်ဒိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဒေသခံပြည်သူ ၁၆၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီးနောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ကျူးလွန် ခဲ့ရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၃၀ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်မှတ် တမ်းတင်နေသည့် ကရင်ငြိမ်းချမ်းရေးပံ့ပိုးကူညီမှုကွန်ရက် (KPSN) က အသေးစိတ်အချက် အလက်များကို ဖော်ထုတ်ထားပြီး KNU ကလည်း ၎င်းတို့၏ နယ်မြေအတွင်း အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း အတည်ပြုထုတ်ပြန်ထားသည်။ မတ်လ ၅ ရက်နေ့တွင် စစ်ကော်မရှင်၏ ခမရ-၂၀ ၊ ခလရ-၂၆၄ နှင့် ခမရ-၄၃၉ ပူးပေါင်း စစ်ကြောင်းများသည် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းသို့ ထိုးစစ်ဆင်ဝင်ရောက်လာပြီး ဒေသခံ ၁၆၀ ခန့်ကို ဖမ်းဆီးကာ ရွာစာသင်ကျောင်းအတွင်း ပိတ်လှောင်ထားခဲ့သည်။ စစ်ကော်မရှင်တပ်သည် မတ် ၇ ရက်နေ့ တိုက်ပွဲဖြစ်ပွားစဉ် ဒရုန်းများနှင့် တိုက်လေယာဉ်များကို အသုံးပြုကာ ရေတွင်းကုန်းကျေးရွာ ရွာစာသင်ကျောင်းနှင့် ရွာပတ်ဝန်းကျင်ကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများကြောင့် အသက် ၆ နှစ်မှ ၁၆ နှစ်အရွယ်အထိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၁၃ ဦး သေဆုံးခဲ့ရသည်။ အသက်အရွယ် အပိုင်းအခြားအားဖြင့် ၆ နှစ်အရွယ် ကလေးငယ်များမှသည် အသက် ၆၀ အရွယ် သက်ကြီးရွယ်အိုများအထိ ပါဝင်နေပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက အတည်ပြုထားသည်။ “စစ်ကော်မရှင်တပ်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူလူထုကို ပစ်မှတ် ထားတိုက်ခိုက်မှုများကို အစဉ်တစိုက် ကျူးလွန်နေခြင်းဖြစ်သည်” ဟု KNU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် စစ်ကော်မရှင်တပ်က ကျန်ရှိနေသည့် ဒေသခံများကို လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး ယခုဖြစ်စဉ်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ပြီး သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကို စိစစ်၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း KNU က အသိ ပေးထားသည်။ ဓာတ်ပုံ-KNU ပုံစာ- အကြမ်းဖက်စစ်တပ်၏ ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်မှုကြောင့် ထိခိုက်သေဆုံးရမှုများ။ #လယ်ဒို #စစ်ကော်မရှင်တပ် #လေကြောင်းတိုက်ခိုက် #သတ်ဖြတ် #ကိုယ်ဝန်ဆောင် #ကလေးငယ်များ #အစုလိုက်အပြုံလိုက်သေဆုံး #PSM_News Post navigation ရှေ့တန်းတိုက်ခိုက်ရေးနှင့် ကဏ္ဍစုံတွင် အမျိုးသမီးရဲဘော်များ စွမ်းစွမ်းတမံ ပါဝင်နေမှုသည် တော်လှန်ရေးအတွက် အစားထိုးမရသော ခွန်အားဟု KNDF ပြော အင်းတော်တွင် စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၊ အုတ်တံတိုင်းပြိုကျပြီး လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ