PSM (NEWS)

မတ် ၉၊ ၂၀၂၆

ရုရှားရေနံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုအချို့ကို ယာယီဖြေလျှော့ပေးရန် ဆုံးဖြတ်ခဲ့ခြင်းကို ဒေါ်နယ်ထရမ့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့ဝင်များက တနင်္ဂနွေနေ့တွင် ခုခံကာကွယ်ပြောကြားခဲ့သည်။

အီရန်နှင့် ဆက်နွယ်သော စစ်ပွဲကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာနေသော်လည်း ယင်းအခြေအနေသည် ရက်သတ္တပတ်အနည်းငယ်သာ ကြာမြင့်နိုင်ကြောင်းလည်း ခန့်မှန်းပြောဆိုခဲ့သည်။

ရုပ်သံအစီအစဉ်များတွင် ပါဝင်ပြောကြားခဲ့သော အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ် ရိုက် နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဝေါ့ဇ် တို့က အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားရေနံကို ဆက်လက် ဝယ်ယူခွင့်ပြုသည့် ကင်းလွတ်ခွင့်ကို ပြီးခဲ့သည့်ရက်သတ္တပတ်က ထုတ်ပြန်ခဲ့ခြင်းသည် ကမ္ဘာ့ရေနံဈေးကွက်အပေါ် ဖိအားများကို လျော့ကျစေမည်ဟု ပြောကြားခဲ့သည်။

ဝေါ့ဇ်က NBC ၏ Meet the Press အစီအစဉ်တွင် “ဒါဟာ အိန္ဒိယနိုင်ငံရဲ့ ရေနံချက်စက်ရုံတွေဆီကို သင်္ဘောတွေပေါ်မှာ ရောက်ရှိနေတဲ့ ရေနံစည်ပေါင်း သန်းနဲ့ချီကို သယ်ဆောင်ခွင့်ပေးဖို့အတွက် ရက် ၃၀ ကြာ ယာယီရပ်နားထားတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အလားတူပင် ဝေါ့ဇ် က CNN ၏ State of the Union အစီအစဉ်တွင် “ဒီကင်းလွတ်ခွင့်ဟာ ရေနံပြတ်လပ်သွားမယ်ဆိုတဲ့ စိုးရိမ်စိတ်ကို လျော့ကျစေပြီး ဈေးနှုန်းခုန်တက်မှုကို ထိန်းချုပ်ဖို့အတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

စစ်ပွဲသည် နှစ်ပတ်မြောက်သို့ ရောက်ရှိလာပြီး အဆုံးသတ်မည့် အရိပ်အယောင် မတွေ့ရသေးသဖြင့် အမေရိကန်ပြည်သူများမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုဒဏ်ကို ခံစားနေရသည်။

ဖေဖော်ဝါရီလအတွင်း အလုပ်အကိုင် ၉၂,၀၀၀ ခန့် ဆုံးရှုံးခဲ့သော အမေရိကန်စီးပွားရေးအတွက် ယင်းအခြေအနေသည် နောက်ထပ် စိန်ခေါ်မှုတစ်ခု ဖြစ်လာနေသည်။

အမေရိကန်မော်တော်ယာဉ်အသင်း (American Automobile Association (AAA) ၏ အချက်အလက်များအရ သောကြာနေ့အထိ အမေရိကန်တွင် ပျမ်းမျှ စက်သုံးဆီဈေးနှုန်းမှာ တစ်ဂါလံလျှင် ၃.၃၂ ဒေါ်လာရှိပြီး ယခင်အပတ်ထက် ၁၁ ရာခိုင်နှုန်း မြင့်တက်လာကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။

ဒီဇယ်ဆီဈေးနှုန်းမှာ တစ်ဂါလံလျှင် ၄.၃၃ ဒေါ်လာအထိ မြင့်တက်လာပြီး ယခင်အပတ်ထက် ၁၅ ရာခိုင်နှုန်း တိုးလာကာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

စွမ်းအင်ပြတ်လပ်မှု မရှိကြောင်း Wright က အခိုင်အမာ ပြောကြားခဲ့ပြီး ဈေးနှုန်းမြင့်တက်မှုသည် အီရန်နှင့် ဆက်နွယ်သော စစ်ရေးလှုပ်ရှားမှုများ ကြာရှည်နိုင်သည်ဟု “စိုးရိမ်မှုနှင့် ထင်မြင်ချက်များ” ကြောင့် ဖြစ်ပေါ်နေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

“ဒါပေမဲ့ ဒါဟာ ကြာရှည်မှာ မဟုတ်ပါဘူး” ဟု ရိုက် က ဒေါ်နယ်ထရမ့် ၏ ခန့်မှန်းချက်ကို ထောက်ခံပြောဆိုခဲ့သည်။

ထရမ့်ကလည်း ရိုက်တာ နှင့် ပြုလုပ်သော အင်တာဗျူးတွင် စစ်ပွဲပြီးဆုံးပါက စက်သုံးဆီဈေးနှုန်းများ “အလွန်မြန်ဆန်စွာ ကျဆင်းသွားလိမ့်မည်” ဟု ခန့်မှန်းပြောကြားထားသည်။

သို့သော် ဂျွန်ကနေဒီ ကမူ ရေနံဈေးကစားသူများကို ဝေဖန်ခဲ့ပြီး “ရေနံဈေးနှုန်းတွေ တက်လာတာဟာ ရေနံကုန်သည်တွေ ဈေးကစားနေကြလို့ပါ” ဟု ပြောကြားခဲ့သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူများ၏ အဆိုအရ စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေပါက နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန် ကွန်ဂရက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီအတွက် အထိနာနိုင်ကြောင်း သုံးသပ်ကြသည်။

ကိုးကား – Reuters

#ရုရှားရေနံပိတ်ဆို့မှု

#ယာယီဖြေလျှော့မှု

#စက်သုံးဆီဈေးတက်မှု

#အမေရိကန်စွမ်းအင်ဝန်ကြီး

#အပြစ်တင်

#PSM_News

By Htet Ko