PSM(News)
ဖေဖော်ဝါရီ ၉ ရက်

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှု ၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကာ အကြမ်းဖက် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမျိုးသမီးများ၏ အသက်အန္တရာယ်မှာ နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ခံနေရကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်သည်။

မြန်မာအမျိုးသမီးသမဂ္ဂ၏ စာရင်းဇယားများအရ ပြီးခဲ့သည့် ဇန်နဝါရီ အတွင်း၌ပင် စစ်ကော်မရှင်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသမီး ၅၅ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၅၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီ ၉ ရက်တွင် BWU က ထုတ်ပြန်သည်။

ဇန်နဝါရီလအတွင်း အမျိုးသမီးများ သေဆုံးရသည့် အဓိကအကြောင်းအရင်းမှာ စစ်ကော်မရှင်၏ လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်ဖြစ်ပြီး စုစုပေါင်း ၄၆ ဦးအထိ သေဆုံးခဲ့သည်။ ထို့ပြင် လက်နက် ကြီး ပစ်ခတ်ခံရမှုကြောင့် ခုနစ် ဦးနှင့် စစ်ကောင်စီ၏ မတရားဖမ်းဆီး သတ်ဖြတ်ခြင်းကြောင့် နှစ် ဦး အသက်ဆုံးရှုံးခဲ့ရသည်။

သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် လေး ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး နှစ် ဦး ပါဝင်နေပြီး စစ်ကော်မရှင်က အရပ်သားများကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်။

အမျိုးသမီး သေဆုံးမှု အများဆုံးဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၂၀ ဦးအထိ ရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် ၁၀ ဦးနှင့် ကချင်ပြည်နယ်တွင် ရှစ် ဦး သေဆုံးခဲ့ကာ ကျန်တိုင်းနှင့် ပြည်နယ်များဖြစ်သည့် ပဲခူး၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ မွန်၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင်လည်း သေဆုံးမှုများ ရှိခဲ့သည်။

ဇန်နဝါရီလအတွင်း အမျိုးသမီး အစုလိုက်အပြုံလိုက် သေဆုံးရသည့် အဆိုးရွားဆုံး ဖြစ်စဉ်မှာ ကချင် ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကောင်ဂျာရွာကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီး အမျိုးသမီး ရှစ် ဦး အသက်ဆုံးရှုံးခဲ့ရသည်။

စစ်ကော်မရှင်သည် ကောင်ဂျာကျေးရွာရှိ စစ်ဘေးရှောင်ဒေသခံများ နာရေးဆုတောင်းပွဲပြုလုပ်နေစဉ် ဗုံးကြဲခဲ့ခြင်းကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၂၃ ဦးအထိ သေဆုံးခဲ့သည်။

ထိုသို့ အသက်ဆုံးရှုံးမှုများအပြင် ဇန်နဝါရီလအတွင်း ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး ၅၄ ဦး ရှိခဲ့သည်။ ထိုသို့ ထိခိုက်ဒဏ်ရာရခြင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၁ ဦး၊ လက်နက်ကြီးကြောင့် သုံး ဦးနှင့် မြေမြှုပ်မိုင်းကြောင့် ငါး ဦး ရှိခဲ့သည့်အပြင်၊ ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုကြောင့် အမျိုးသမီး ငါး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း BWU ၏ ထုတ်ပြန်ချက် မှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုဖော်ပြထားသည့် စစ်ကော်မရှင်၏ သတ်ဖြတ်မှု ကိန်းဂဏန်းများသည် ခိုင်လုံသော သတင်းမီဒီ ယာများနှင့် မြေပြင်အချက်အလက်များကို စောင့်ကြည့်စုစည်းထားခြင်းဖြစ်ပြီး အချက်အလက်များ ယူရန် မြေပြင်တွင် အခက်အဲများရှိနေသဖြင့် လက်တွေ့သေဆုံးမှု ကိန်းဂဏန်းများသည် ယခုထက် ပိုမိုများပြားနိုင်ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ဆိုထားသည်။

ပုံစာ-ကောင်ဂျာရွာကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ သေဆုံးသူများကို တွေ့ရစဉ်

#စစ်အာဏာသိမ်း၅နှစ်
#အမျိုးသမီးများ
#ဇန်နဝါရီ
#အမျိုးသမီး၅၅ဦး
#သတ်ဖြတ်ခံရ
#PSM_News

By Htet Ko