PSM(NEWS) ဖေဖော်ဝါရီလ ၈ ၊၂၀၂၆ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးသည် အီရန်နှင့် မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများသည် အမျိုးသားလုံခြုံရေးအတွက် အဓိကကျကြောင်း လွှတ်တော်တွင် တင်ပြခဲ့ကြောင်းသိရသည်။ အမေရိကန်ပြည်ထောင်စု၏ အီရန်နှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု မူဝါဒများသည် ဝါရှင်တန်၏ အမျိုးသားလုံခြုံရေးနှင့် ကမ္ဘာ့ဘဏ္ဍာရေး တည်ငြိမ်မှုအတွက် အဓိကမဏ္ဍိုင်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့် က လွှတ်တော်အမတ်များအား ပြောဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့ က ပြုလုပ်သည့် အောက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီ၏ ကြားနာပွဲတွင် ဘဲဆင့်က ဒေါ်နယ်ထရမ့် အစိုးရအနေဖြင့် အီရန်အပေါ် “အပြင်းထန်ဆုံး ဖိအားပေးမှု ကို ဆက်လက်ကျင့်သုံးနေပြီး ယင်းမဟာဗျူဟာကြောင့် အီရန်နိုင်ငံအတွင်း သိသာထင်ရှားသော စီးပွားရေး အကျပ်အတည်းများ ဖြစ်ပေါ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ “အီရန်နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်က ရာထူးလက်ခံပြီးတာနဲ့ အပြင်းထန်ဆုံး ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပါတယ်။ ဒီဖိအားရဲ့ အသီးအပွင့်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက အီရန်စီးပွားရေး ပြိုလဲသွားတဲ့အခါမှာ မြင်တွေ့ခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။ မြန်မာစစ်ကော်မရှင်၏ လုပ်ရပ်များနှင့် ဒေသတွင်း မတည်ငြိမ်မှုများအပေါ် ပါတီစုံမှ လွှတ်တော်အမတ်များက စိုးရိမ်ပူပန်မှုများ ရှိနေကြပြီး မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍လည်း အစိုးရကို တိုက်တွန်းခဲ့ကြသည်။ အထူးသဖြင့် အီရန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့မှုများ ရှိနေသည်ဟူသော သတင်းရင်းမြစ်များကို ကိုးကား၍ စစ်အုပ်စုအပေါ် ပိုမိုပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်ရန် လွှတ်တော်အမတ်များက တောင်းဆိုခဲ့သည်။ ယင်းအပေါ် ဘဲဆင့်က ပိတ်ဆို့အရေးယူမှုဆိုင်ရာ နည်းလမ်းများအဆင်သင့်ရှိနေကြောင်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဖိအားပေးမှုများ ပြုလုပ်ရန် အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ယခုကြားနာပွဲသည် ဘဏ္ဍာရေးတည်ငြိမ်မှုနှင့် ပထဝီနိုင်ငံရေး အခြေအနေများ မည်သို့ ဆက်စပ်နေကြောင်းကို မီးမောင်းထိုးပြနေပြီး၊ အထူးသဖြင့် စွမ်းအင်စျေးကွက်၊ သင်္ဘောလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများအပေါ် ပိတ်ဆို့အရေးယူမှုများ၏ အကျိုးသက်ရောက်မှုကို လွှတ်တော်အမတ်များက အနီးကပ် စောင့်ကြည့်လျက်ရှိသည်။ ကိုးကား Newkerala #မြန်မာစစ်ကော်မရှင် #ဖိအားပေး_ပိတ်ဆို့အရေးယူမှု #အမေရိကန်_ဘဏ္ဍာရေးဝန်ကြီး #လွှတ်တော်_တင်ပြ #အမျိုးသားလုံခြုံရေး #PSM_News Post navigation အဆုံးသတ်တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန် စစ်အာဏာသိမ်း ၅ နှစ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပိုမိုဆိုးရွားလာ၊ ဇန်နဝါရီ တစ်လတည်းမှာပင် အမျိုးသမီး ၅၅ ဦး သတ်ဖြတ်ခံရ