PSM(News) ဖေဖော်ဝါရီ ၉၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပြည်သူ့ရင်ခွင် (People’s Embrace) သို့ ယခု ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း ခုနစ်ဦး ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၌ တာဝန်ကျနေသည့် ပြည်သူ့စစ်မှုထမ်း သုံးဦးကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကချင်ဒေသ ပြည်သူ့ရင်ခွင်ခိုလှုံရေးအဖွဲ့ (KPEC) မှ ခေါ်ထုတ်နိုင်ခဲ့သည်။ ယင်းနေတွင်ပင် ဖယ်ခုံမြို့နယ်၌ တာဝန်ကျနေသည့် ပြည်သူ့စစ်မှုထမ်းနှစ် ဦးကိုလည်း NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကွပ်ကဲမှုအောက်ရှိ အမှတ် (၁၀၀၂) တပ်ရင်းမှ လက်ခံကြိုဆိုခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၌ တာဝန်ကျနေသည့် ပြည်သူ့စစ်မှုထမ်း နှစ် ဦးသည် ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံရန် ဆက်သွယ်လာ၍ တောင်ပိုင်းတိုင်းစစ်ဒေသ (NUG/MOD) မှ ဘေးကင်းစွာ ခေါ်ထုတ်ကယ်ဆယ်နိုင်ခဲ့သည်။ ထို့သို့ ခိုလှုံလာသူများနှင့်အတူ MA-1 မောင်းပြန်ရိုင်ဖယ်နှစ်လက်နှင့် ဆက်စပ်လက်နက်ခဲယမ်းများကိုပါ သိမ်း ဆည်းရရှိခဲ့ပြီး ယင်းလက်နက်များကို ရှေ့တန်းစစ်မျက်နှာပြင်များတွင် ပြန်လည်အသုံးပြုနေပြီ ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဘက်ပြောင်းခိုလှုံလာသူ ခုနစ် ဦးလုံးကို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက ကောင်းမွန်စွာ စောင့်ရှောက်ထားရှိပြီး ၎င်းတို့၏ ဆန္ဒအရ တော်လှန်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေခြင်း၊ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်းနှင့် လိုရာခရီးသို့ ပို့ဆောင်ပေးခြင်းတို့ကို စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့ စစ်ကော်မရှင်ထံမှ ခွဲထွက်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုသည့် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင် များအနေဖြင့် Telegram (@MyanmarPeople) နှင့် Signal/Viber (+66 96 884 7969) တို့မှတစ်ဆင့် လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးနှိုးဆော်ထားသည်။ ဓာတ်ပုံ-People’s Embrace #စစ်ကော်မရှင် #စစ်မှုထမ်း #ပြည်သူ့စစ်မှုထမ်း၇ဦး #ပြည်သူ့ရင်ခွင် #ဘက်ပြောင်းခိုလှုံ #PSM_News Post navigation စစ်အာဏာသိမ်း ၅ နှစ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပိုမိုဆိုးရွားလာ၊ ဇန်နဝါရီ တစ်လတည်းမှာပင် အမျိုးသမီး ၅၅ ဦး သတ်ဖြတ်ခံရ ပူတာအိုခရိုင် နောင်မွန်းမှ စစ်ကော်မရှင်တပ်များ စခန်းစွန့်ခွာ၊ KIA နှင့် PDF ပူးပေါင်းတပ်များ နယ်မြေရှင်းလင်းရာ၌ မူးယစ်ဆေးဝါးများနှင့် မြေမြှုပ်မိုင်းများ တွေ့ရှိ