PSM (NEWS) ဖေဖော်ဝါရီ ၉၊ ၂၀၂၆ ကျူးဘားနိုင်ငံတွင် ဆိုးရွားလာသော စွမ်းအင်အကျပ်အတည်းကြောင့် နိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်အများစုတွင် ဂျက်လေယာဉ်ဆီ (Jet A-1) ပံ့ပိုးမှုကို တစ်လခန့် ရပ်ဆိုင်းမည်ဟု လေကြောင်းလိုင်းများထံ သတိပေးအကြောင်းကြားထားကြောင်း ဥရောပလေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။ လေကြောင်းသတိပေးချက် (NOTAM) အရ ဖေဖော်ဝါရီ ၁၀ ရက်မှ မတ်လ ၁၁ ရက်အထိ ကျူးဘားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် ကိုးခုခန့်တွင် ဂျက်လေယာဉ်ဆီ မရရှိနိုင်တော့ဘဲ လေယာဉ်များအနေဖြင့် ဒေသတွင်းတွင် ဆီဖြည့်သွင်းနိုင်ခြင်း မရှိတော့မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အထူးသဖြင့် ဟာဗာနာမြို့ရှိ ဟိုဆေး မာတီ José Martí အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ပါ ယင်းကန့်သတ်ချက် သက်ရောက်မည်ဖြစ်ပြီး၊ နိုင်ငံတကာလေကြောင်းခရီးစဉ်များအတွက် အရေးပါသော လေဆိပ်တစ်ခုဖြစ်သည့်အတွက် လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်များ ပြန်လည်ညှိနှိုင်းခြင်း၊ အခြားနိုင်ငံများတွင် ဆီဖြည့်ရခြင်းများကို ပြုလုပ်ရနိုင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ကျူးဘားအစိုးရဘက်က ယင်းဆီပြတ်တောက်မှုသည် ရေနံသွင်းကုန် လျော့နည်းလာခြင်း၊ နိုင်ငံခြားငွေမလုံလောက်ခြင်းနှင့် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်အကျပ်အတည်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ရှင်းပြထားသည်။ လက်ရှိအချိန်တွင် ကျူးဘားနိုင်ငံအတွင်း လျှပ်စစ်မီးပြတ်တောက်မှုများ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲများနှင့် အစိုးရဝန်ဆောင်မှုအချို့ အားနည်းလာခြင်းတို့ကို ပြည်သူများ ကြုံတွေ့နေရပြီး၊ ယခု လေကြောင်းဆိုင်ရာ ဆီရပ်ဆိုင်းမှုက နိုင်ငံ၏ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအပေါ် ထပ်မံဖိအားပေးလာနိုင်ကြောင်း သုံးသပ်သူများက သတိပေးထားသည်။ လေကြောင်းလိုင်းများဘက်ကမူ ခရီးသည်များအတွက် အချိန်ဇယား ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကြိုတင်အသိပေးထားပြီး အခြေအနေကို နီးကပ်စွာ စောင့်ကြည့်နေကြောင်း ပြောကြားထားသည်။ ကိုးကား — AFP, MercoPress #လေကြောင်းလိုင်း #ကျူးဘားနိုင်ငံ #စွမ်းအင်အကျပ်အတည်း #ဂျက်လေယာဉ်ဆီ #တစ်လကြာ_ရပ်ဆိုင်း #PSM_News Post navigation အင်္ဂါဂြိုဟ်စီမံကိန်းထက်လပေါ်တွင်“မြို့တော်”တည်ဆောက်ရေးကို SpaceX ဦးစားပေးမည်ဟု အီလွန်မတ်စ် ပြောကြား တစ်တော့ (TikTok) ဗီဒီယိုအက်ပ်၏ လွန်ကဲစွာ ဆွဲဆောင်နိုင်သည့် ဒီဇိုင်းကြောင့် ဥရောပသမဂ္ဂက စည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆို