PSM (NEWS)

ဖေဖော်ဝါရီ ၉၊ ၂၀၂၆

အွန်လိုင်းဗီဒီယိုမျှဝေရေး အက်ပ်တစ်ခုဖြစ်သည့် တစ်တော့ (TikTok) ကို ဥရောပသမဂ္ဂ (European Union) က အွန်လိုင်းဝန်ဆောင်မှု စည်းမျဉ်းဥပဒေချိုးဖောက်မှု ရှိသည်ဟု သတ်မှတ်ကာ တရားဝင်စွဲချက် တင်ထားကြောင်း ကြေညာခဲ့သည်။

ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ယင်းအက်ပ်တွင်အသုံးပြုထားသည့် အင်္ဂါရပ်များမှာ – ဗီဒီယိုများကို အလိုအလျောက် ဆက်ကြည့်စေနိုင်သည့် စနစ် ၊ နောက်ဗီဒီယိုကို အလိုအလျောက် ဖွင့်ပေးသည့် လုပ်ဆောင်ချက်များ ၊ အသုံးပြုသူအား မကြာခဏ သတိပေးနှိုးဆော်မှု (push notification) ၊ကိုယ်ရေးကိုယ်တာအပြုအမူအပေါ် အခြေခံ၍ အကြောင်းအရာရွေးချယ်ပေးသည့် စနစ်များကြောင့် အသုံးပြုသူများ အထူးသဖြင့် ကလေးငယ်နှင့် လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိကြောင်း တွေ့ရှိရသည်ဟု ဥရောပသမဂ္ဂက သုံးသပ်ထားသည်။

ထိန်းချုပ်ရေးအဖွဲ့၏ စစ်ဆေးမှုအရ ယင်းအက်ပ်သည် အသုံးပြုသူများအတွက် ဖြစ်နိုင်သည့် အန္တရာယ်များကို လုံလောက်စွာ အကဲဖြတ်ခြင်း မပြုလုပ်ခဲ့သည့်အပြင် အသုံးချချိန်ကို ထိန်းချုပ်ရန်၊ ကလေးများကို ကာကွယ်ရန် လိုအပ်သည့် စနစ်များကို ပြည့်စုံစွာ ထည့်သွင်းမထားကြောင်း ဖော်ပြထားသည်။

ဥရောပသမဂ္ဂအရ မီဒီယာနှင့် အွန်လိုင်းပလက်ဖောင်းများသည် အသုံးပြုသူလုံခြုံရေး၊ ကျန်းမာရေးနှင့် လူမှုရေးအကျိုးသက်ရောက်မှုများကို ထိခိုက်စေနိုင်သည့် အန္တရာယ်များကို ကြိုတင်သုံးသပ်ကာ ကာကွယ်မှုများ ဆောင်ရွက်ရမည် ဟု ဖော်ပြထားသည်။

ယင်းအမှုကို ဥရောပသမဂ္ဂက ၂၀၂၄ ခုနှစ် မတ်လတွင် စတင်စုံစမ်းခဲ့ပြီး ယခုအခါ တရားဝင် စွဲချက်တင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့သည်။

ဥရောပသမဂ္ဂက မလိုက်နာပါက တစ်တော့ကို ပိုင်ဆိုင်သည့် ကုမ္ပဏီအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ နှစ်စဉ်ဝင်ငွေ၏ ၆% အထိ ဒဏ်ကြေးပေးရနိုင်ကြောင်း သတိပေးထားသည်။ ထို့အပြင် အက်ပ်ဒီဇိုင်းနှင့် လုပ်ဆောင်ချက်များကို ပြင်ဆင်ရန် အမိန့်ချမှတ်နိုင်သည်။

တစ်တော့အက်ပ်ကို လည်ပတ်နေသည့် ကုမ္ပဏီဘက်က စွဲချက်များကို သဘောမတူကြောင်း ပြောကြားပြီး ဥရောပသမဂ္ဂ စည်းမျဉ်းများကို လိုက်နာနေကြောင်းနှင့် အသုံးပြုသူလုံခြုံရေးကို ဦးစားပေးထားကြောင်း တုံ့ပြန်ပြောဆိုထားသည်။

ယခုအမှုသည် ဥရောပသမဂ္ဂ၏ အွန်လိုင်းပလက်ဖောင်းထိန်းချုပ်ရေး ဥပဒေအောက်တွင် အရေးပါဆုံး အမှုများထဲမှ တစ်ခုအဖြစ် မှတ်ယူခံရပြီး နည်းပညာကုမ္ပဏီကြီးများ၏ အက်ပ်ဒီဇိုင်းနှင့် လူမှုရေးအကျိုးသက်ရောက်မှုများအပေါ် နိုင်ငံတကာအဆင့် စောင့်ကြည့်မှု ပိုမိုတင်းကျပ်လာနေကြောင်း ပြသနေသည်။

ကိုးကား — AFP

#တစ်တော့

#ဥရောပသမဂ္ဂ

#အွန်လိုင်းလုံခြုံရေး

#ကလေးသူငယ်လုံခြုံရေး

#အွန်လိုင်းစည်းမျဉ်းဥပဒေ

#PSM_News

By Htet Ko