PSM(NEWS)

ဖေဖော်ဝါရီ ၉၊ ၂၀၂၆

SpaceX ကုမ္ပဏီသည် ၎င်း၏အဓိကရည်မှန်းချက်ကို အင်္ဂါဂြိုဟ်သို့ သွားရောက်ရေးထက် လပေါ်တွင် ၁၀ နှစ်အတွင်း “အလိုအလျောက် တိုးပွားမည့် မြို့တော်” တစ်ခုတည်ဆောက်ရေးဘက်သို့ပြောင်းလဲအာရုံစိုက်နေပြီဖြစ်ကြောင်း အီလွန် မတ်စ် က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အင်္ဂါဂြိုဟ်ပေါ်တွင် မြို့တော်တည်ဆောက်ရန်နှစ်ရှည်လများကိုင်စွဲထားသည့် ရည်မှန်းချက်ကို နောက်ထပ် ၅ နှစ်မှ ၇ နှစ်အတွင်း စတင်ရန် ရည်ရွယ်ထားဆဲဖြစ်သော်လည်း “လူသားမျိုးနွယ်၏ အနာဂတ်ကိုလုံခြုံစေရန်အတွက်လကမ္ဘာမှာပိုမိုမြန်ဆန်သည့်လမ်းကြောင်းဖြစ်သောကြောင့် ယခုအခါ လကမ္ဘာကိုပိုမိုဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်”ဟု၎င်း၏Xလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သည်။

SpaceX သည် ၂၀၂၇ ခုနှစ်၊ မတ်လတွင် လကမ္ဘာပေါ်သို့ လူမဲ့အာကာသယာဉ်ဆင်းသက်နိုင်ရန်ပစ်မှတ်ထားနေပြီး မားစ်စီမံကိန်းကို နောက်ဆုတ်ထားကြောင်း ရင်းနှီးမြှုပ်နှံသူများကို အသိပေးထားသည်ဟု Wall Street Journal သတင်းတစ်ရပ်တွင်လည်း ဖော်ပြထားသည်။

အမေရိကန်သည် ယခုဆယ်စုနှစ်အတွင်း လကမ္ဘာပေါ်သို့ လူသားများ ပြန်လည်စေလွှတ်နိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် ပြင်းထန်သောပြိုင်ဆိုင်မှုများ ရင်ဆိုင်နေရသည်။ လူသားများသည် ၁၉၇၂ ခုနှစ်Apollo17စီမံကိန်းပြီးနောက်ပိုင်း လကမ္ဘာသို့ ထပ်မံခြေချနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့်အပတ်ကSpaceXသည်၎င်း၏AIကုမ္ပဏီဖြစ်သောxAIကိုဝယ်ယူခဲ့ပြီးနောက် ကုမ္ပဏီ၏တန်ဖိုးမှာ ဒေါ်လာ ၁ ထရီလီယံအထိ ရှိလာခဲ့သည်။ ယင်းသည် အာကာသအခြေစိုက် Data Centerများတည်ဆောက်ရန်အတွက်ဖြစ်နိုင်ပြီးအဆိုပါစင်တာများသည်ကမ္ဘာပေါ်ရှိစင်တာများထက်စွမ်းအင်ချွေတာမှုပိုမိုကောင်းမွန်မည်ဟုမတ်စ်ကယူဆထားသည်။

SpaceXသည်ယခုနှစ်နှောင်းပိုင်းတွင်အများပိုင်ကုမ္ပဏီအဖြစ်အစုရှယ်ယာရောင်းချခြင်း (IPO) ပြုလုပ်ရန် မျှော်လင့်ထားပြီးဒေါ်လာဘီလီယံ၅၀ခန့်ရရှိနိုင်မည်ဖြစ်ရာယင်းသည်သမိုင်းတစ်လျှောက်အကြီးမားဆုံးသောIPOဖြစ်လာနိုင်ခြေရှိသည်။

အီလွန် မတ်စ်သည်SpaceX ကိုဦးတည်ချက်ပြောင်းလဲနေသကဲ့သို့ ၎င်း၏ လျှပ်စစ်ကားကုမ္ပဏီဖြစ်သော Tesla ကိုလည်း အလိုအလျောက်မောင်းနှင်စနစ်နှင့်စက်ရုပ်ထုတ်လုပ်ရေးဘက်သို့ကူးပြောင်းရန်အတွက် ယခုနှစ်အတွင်း ဒေါ်လာဘီလီယံ ၂၀ ခန့် အသုံးပြုသွားရန်စီစဉ်နေကြောင်း သိရှိရပါသည်။

ကိုးကား Reuters

#SpaceX

#လပေါ_မြို့တော်

#အီလွန်မတ်စ်

#အာကာသစီးပွား

#အနာဂတ်နည်းပညာ

#PSM_News

By Htet Ko