PSM(News) ဖေဖော်ဝါရီ ၉ ၊ ၂၀၂၆ ထိုင်းနိုင်ငံတွင် ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် လက်ရှိအိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနုထင် ချာန်ဝီရာကူးလ် ဦးဆောင်သည့် ဘွမ်ဂျိုင်ထိုင်းပါတီ (Bhumjaithai) က အမတ်နေရာ အများစုကို အံ့အားသင့်ဖွယ် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်းအထိ မဲရေတွက်မှု ၉၅ ရာခိုင်နှုန်းကျော် ရလဒ်များအရ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အနက် ဘွမ်ဂျိုင်ထိုင်းပါတီက ၁၉၄ နေရာကျော်ဖြင့် ဦးဆောင်နေပြီး အစိုးရသစ်ဖွဲ့စည်းရန် အလားအလာ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။ ရွေးကောက်ပွဲအကြို စစ်တမ်းများတွင် အနိုင်ရရန် ရေပန်းစားခဲ့သည့် နတ်တဖွန်း ရူအန်ပန်ညာဝဒ် ဦးဆောင်သော ပြည်သူ့ပါတီ (People’s Party) မှာမူ အမတ်နေရာ ၁၁၇ နေရာခန့်ဖြင့် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ ပြည်သူ့ပါတီသည် ဘန်ကောက်မြို့တော်ရှိ အမတ်နေရာ ၃၃ နေရာစလုံးကို အပြတ်အသတ် အနိုင်ရရှိခဲ့သော် လည်း နယ်ဘက်ဒေသများတွင်မူ ဘွမ်ဂျိုင်ထိုင်းပါတီ၏ အမျိုးသားရေးဝါဒနှင့် ဒေသအခြေပြု မဲဆွယ်မှုများကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ပါတီ ခေါင်းဆောင် နတ်တဖွန်းက ယမန်နေ့ညပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ၎င်းတို့ပါတီအနေဖြင့် နံပါတ် (၁) ပါတီ ဖြစ်မလာခဲ့သည့်အတွက် ရှုံးနိမ့်မှုကို ဝန်ခံကြောင်းနှင့် လွှတ်တော်အတွင်း အင် အားကောင်းသည့် အတိုက်အခံပါတီအဖြစ်သာ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အတူ သက်ဆင်ရှင်နာဝပ် ဩဇာလွှမ်းမိုးမှုရှိသည့် ဖွေထိုင်းပါတီ (Pheu Thai) မှာမူ အမတ်နေရာ ၇၄ နေရာခန့်သာ ရရှိခဲ့ပြီး ပါတီသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဘွမ်ဂျိုင်ထိုင်းပါတီ ခေါင်းဆောင် အနုထင်ကမူ ၎င်းတို့ပါတီ၏ အောင်ပွဲသည် ထိုင်းပြည်သူ တစ်ရပ်လုံး၏ အောင်ပွဲဖြစ်ကြောင်းနှင့် အစိုးရဖွဲ့နိုင်ရန်အတွက် အခြားမဟာမိတ်ပါတီများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အနုထင်၏ ဘွမ်ဂျိုင်ထိုင်းပါတီသည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကဲ့သို့ အမျိုးသားရေးကို အခြေခံ မဲဆွယ်ခြင်း၊ ဩဇာအာဏာကြီးမားသည့်နယ်မြေဒေသခံများကိုစည်းရုံးနိုင်ခြင်း၊ လက်တွေ့အကျိုး စီးပွားနှင့် နယ်မြေစိုးမိုးရေး တို့ကို ဦးစားပေးစည်းရုံးခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ကိုးကား-Thai PBS, Reuters, AP News #ထိုင်းရွေးကောက်ပွဲ #အနုထင် #ဘွမ်ဂျိုင်ထိုင်းပါတီ #အနိုင်ရ #ပြည်သူ့ပါတီ #ရှုံးနိမ့် #PSM_News Post navigation ပီတာ မန်ဒယ်ဆင် အရှုပ်တော်ပုံကြောင့် ဗြိတိန်ဝန်ကြီးချုပ် ကီးယား စတာမာအပေါ် နိုင်ငံရေးဖိအားများ မြင့်တက်လာ အင်္ဂါဂြိုဟ်စီမံကိန်းထက်လပေါ်တွင်“မြို့တော်”တည်ဆောက်ရေးကို SpaceX ဦးစားပေးမည်ဟု အီလွန်မတ်စ် ပြောကြား