PSM (NEWS)
ဖေဖော်ဝါရီ ၉ ၊ ၂၀၂၆

ဂျပန်နိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်နေ့ ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဆနဲ တာကာချီ (Sanae Takaichi) ဦးဆောင်သည့် လစ်ဘရယ် ဒီမိုကရပ်တစ်ပါတီ (Liberal Democratic Party – LDP) နှင့် ၎င်း၏ မိတ်ဖက်ပါတီဖြစ်သည့် ဂျပန် အိုင်နိုဗေးရှင်းပါတီ (Japan Innovation Party – Ishin) တို့ ပူးပေါင်းဖွဲ့စည်းထားသော ruling coalition သည် အောက်လွှတ်တော် (House of Representatives) အတွင်း ထိုင်ခုံအများစု ရရှိနိုင်မည့် ရလဒ်များကို ရရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ရွေးကောက်ပွဲနေ့ နံနက်ပိုင်း ထွက်ရှိလာသည့် အထွက်မဲ ခန့်မှန်းချက်များအရ LDP–Ishin ပူးပေါင်းအဖွဲ့အနေဖြင့် အောက်လွှတ်တော် ထိုင်ခုံ ၄၆၅ နေရာအနက် ၂၇၄ မှ ၃၂၈ ထိုင်ခုံခန့် အထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း NHK သတင်းဌာန အပါအဝင် သတင်းရင်းမြစ်များက ဖော်ပြထားသည်။

ယင်းရလဒ်ကြောင့် ဝန်ကြီးချုပ် တာကာချီ အစိုးရအနေဖြင့် လွှတ်တော်အတွင်း လုံးဝအများစုကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး၊ ဥပဒေရေးရာ အစီအစဉ်များ၊ ဘတ်ဂျက်အတည်ပြုမှုများနှင့် အဓိက နိုင်ငံရေးဆုံးဖြတ်ချက်များကို အားကောင်းစွာ ထိန်းချုပ်နိုင်မည်ဟု နိုင်ငံရေးသုံးသပ်သူများက သုံးသပ်ထားသည်။

ဆနဲ တာကာချီ သည် ၂၀၂၅ ခုနှစ်တွင် LDP ပါတီ ဦးဆောင်ရာထူးကို ရရှိခဲ့ပြီး၊ လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်သည်။

ရွေးကောက်ပွဲရလဒ်များအရ လူငယ်နှင့် အမျိုးသမီး မဲဆန္ဒရှင်များအကြား ထောက်ခံမှု မြင့်တက်လာခြင်းကို တွေ့ရှိရပြီး၊ စီးပွားရေး၊ အခွန်နှင့် လုံခြုံရေးမူဝါဒများအပေါ်တွင်လည်း အများပြည်သူ၏ ထောက်ခံမှု ရရှိနေကြောင်း သက်ဆိုင်ရာ မီဒီယာများက ဖော်ပြထားသည်။

တစ်ဖက်တွင် အခြားပါတီများအနေဖြင့် မဲအင်အား လျော့နည်းလာခြင်းနှင့် ပါတီပူးပေါင်းမှုများ ခက်ခဲလာနိုင်ခြင်း စသည့် အနာဂတ် နိုင်ငံရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက သုံးသပ်ထားသည်။

ကိုးကား — NHK

#ဂျပန်ရွေးကောက်ပွဲ
#တာကာချီ
#LDP
#အောက်လွှတ်တော်
#ထိုင်ခုံအများစု
#PSM_News

By Htet Ko