PSM(News)

ဖေဖော်ဝါရီ ၈၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရသည် ယခင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) လက်ထက်ကာလအတွင်း ဖြစ်ပွားခဲ့သည့် အာဏာရှင်ဆန်သော အုပ်ချုပ်မှုအပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ပြိုကွဲမှုများကို ပြန်လည်ပြုပြင်ရန် အရေးပေါ် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရ၏ အကြံပေးချုပ်ရုံးက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် လူငယ်များ ဦးဆောင်သော လူထုဆန္ဒပြလှုပ်ရှားမှုများကြောင့် ယခင်အစိုးရအာဏာဆုံးရှုံးခဲ့ပြီးနောက် စီးပွားရေး၊ အဖွဲ့အစည်းနှင့် ဒီမိုကရေစီစနစ်များ အလွန်အမင်း ချို့ယွင်းနေသည့် အခြေအနေကို ယာယီအစိုးရက အမွေဆက်ခံခဲ့ရကြောင်း ဖော်ပြထားသည်။

ယာယီအစိုးရကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် စီးပွားရေးပညာရှင် မုဟမ္မဒ်ယူနုစ် (Professor Muhammad Yunus) ဦးဆောင်ပြီး အစိုးရအာဏာယူပြီး မကြာခင်တွင် ကဏ္ဍလိုက် ပြုပြင်ပြောင်းလဲရေးအတွက် ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ပြုပြင်ပြောင်းလဲရေးကော်မရှင်များ ဖွဲ့စည်းခဲ့ကြောင်း ဆိုသည်။

အစိုးရက တာဝန်ယူပြီး ၁၈ လအတွင်း ဥပဒေသစ်များနှင့် ဥပဒေပြင်ဆင်ချက်များ အပါအဝင် ဥပဒေ ၁၃၀ ခန့် အတည်ပြုခဲ့ပြီး အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် ၆၀၀ ကျော် ချမှတ်ခဲ့ကာ ၎င်းတို့အနက် ၈၄ ရာခိုင်နှုန်းခန့်ကို အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီးပွားရေးနှင့် နိုင်ငံခြားရေးကဏ္ဍတွင်လည်း တိုးတက်မှုရရှိခဲ့ပြီး ဂျပန်နှင့် စီးပွားရေးမိတ်ဖက်သဘောတူညီချက် ချုပ်ဆိုနိုင်ခဲ့သလို တရုတ်နိုင်ငံနှင့် ချေးငွေအချိန်ကာလတိုးချဲ့ခြင်း၊ ကျန်းမာရေးအခြေခံအဆောက်အအုံများ တည်ဆောက်ရေးနှင့် ရေဘေးကြိုတင်ခန့်မှန်းမှု ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

အမေရိကန်နှင့်လည်း ကုန်သွယ်ရေးအခွန်များ လျှော့ချနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အကျင့်ပျက်ခြစားမှုနှိမ်နင်းရေးအနေနှင့် ယခင်အစိုးရနှင့် ဆက်နွယ်သည့် နိုင်ငံရေးသမားများနှင့် အရာရှိများအပေါ် အမှုများ ဖွင့်လှစ်ထားပြီး ဒေါ်လာဘီလျံချီသော ပိုင်ဆိုင်မှုများကို ချုပ်ကိုင်သိမ်းဆည်းထားကြောင်း အစိုးရက ပြောသည်။

ရဲတပ်ဖွဲ့ ပြုပြင်ရေးအတွက် အရာရှိ ၁,၂၀၀ ကျော်ကို စုံစမ်းစစ်ဆေးရေးအတွက် ဆိုင်းငံ့ထားပြီး လူ့အခွင့်အရေးအခြေခံ လေ့ကျင့်ရေးများကို ကျယ်ပြန့်စွာ ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား – Chief Adviser of the Government of Bangladesh (X / Twitter)

#ရှိတ်ဟာစီနာ

#မုဟမ္မဒ်ယူနုစ်

#ဘင်္ဂလားဒေ့ရှ်အာဏာပြောင်းလဲရေး

#ကြားကာလအစိုးရ

#ဒီမိုကရေစီစနစ်

#PSM_News

By Htet Ko

You missed