PSM (NEWS) ဖေဖော်ဝါရီ ၉၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရားမဝင်ဝင်ရောက်လာသူများအပေါ် တင်းကျပ်စွာ နှိမ်နင်းသည့် မူဝါဒ၏ ပြတ်သားသော သင်္ကေတတစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် တက္ကဆက်ပြည်နယ် ကျေးလက်ဒေသရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတစ်ခုတွင် လက်ရှိအချိန်၌ ရောဂါဘယများ ဖြစ်ပွားနေကြောင်း သိရသည်။ ထိန်းသိမ်းခံထားရသူများအနက် တရားဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသည့် မိသားစုအချို့လည်း ပါဝင်နေကြောင်း ဖော်ထုတ်တွေ့ရှိရသည်။ မက္ကဆီကိုနယ်စပ်မှ ခန့်မှန်းအားဖြင့် ၈၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် ဒီလီ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းဆောင်ရွက်မှုဗဟိုဌာန (Dilley Immigration Processing Center) သည် ယခုအခါ ကမ္ဘာတစ်ဝှမ်းမှ လူမျိုးစုံကို ထိန်းသိမ်းထားသည့် ဆိုးရွားသည့် နေရာတစ်ခုအဖြစ် ပြောင်းလဲလာနေကြောင်း ရှေ့နေများက ဆိုသည်။ ထိန်းသိမ်းခံထားရသူအများစုမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားဆဲကာလအတွင်း သို့မဟုတ် အာဏာပိုင်များနှင့် ချိန်းဆိုထားသည့်အတိုင်း လာရောက်အစီရင်ခံစဉ် ဖမ်းဆီးခံခဲ့ရသူများဖြစ်ကြောင်းလည်း ပြောကြားထားသည်။ “ကျွန်မ အမြဲတမ်း ငိုနေရပါတယ်။ သားလေးက ကျွန်မရဲ့ မျက်ရည်တွေကို လာသုတ်ပေးရှာတယ်” ဟု ဟေတီနိုင်ငံသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ သူမနှင့် သူမ၏သားမှာ သမ္မတ ဂျိုး ဘိုင်ဒင် လက်ထက်တွင် ချမှတ်ခဲ့သော အစီအစဉ်အရ တရားဝင်လမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားရန် ဝင်ရောက်လာသူများဖြစ်ကြသည်။ သို့သော် အောက်တိုဘာလတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အာဏာပိုင် (ICE) မှ ဖမ်းဆီးခံခဲ့ရပြီး နေရပ်ပြန်ပို့ရေး အမိန့်စာတွင် လက်မှတ်ရေးထိုးရန် ဖိအားပေးခံနေရကြောင်း ဆိုသည်။ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာရေးနှင့် ဥပဒေရေးရာ ဝန်ဆောင်မှု ပေးနေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း RAICES ၏ ထုတ်ပြန်ချက်အရ ထိန်းသိမ်းရေးစခန်းအတွင်း အစားအသောက်များ၌ ပိုးမွှားများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ပြီး ယင်းအခြေအနေကြောင့် ထိန်းသိမ်းခံထားရသူများအကြား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့အပြင် စခန်းအတွင်း မီးများကို ၂၄ နာရီပတ်လုံး ဖွင့်ထားခြင်းကြောင့် အိပ်စက်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း ဆိုသည်။ ပြီးခဲ့သည့် တနင်္လာနေ့တွင် တက္ကဆက်ပြည်နယ် ကျန်းမာရေးအာဏာပိုင်များက အဆိုပါစခန်းအတွင်း ဝက်သက်ရောဂါ ဖြစ်ပွားမှု နှစ်မှုရှိကြောင်း သတိပေးခဲ့ပြီးနောက် ထိန်းသိမ်းခံထားရသူအချို့ကို သီးသန့်ခွဲထားခဲ့ရသည်။ အဆိုပါစခန်းတွင် အသက် ၅ နှစ်အရွယ် အီကွေဒေါနိုင်ငံသား လီယမ် ကွန်နက်ဟို ရာမို့စ်ကိုလည်း ယခင်က ထိန်းသိမ်းထားခဲ့ဖူးကြောင်း သိရသည်။ ရှေ့နေများ၏ ပြောကြားချက်အရ ကလေးငယ်ကို ၎င်း၏ မိခင်အား ဖမ်းဆီးရန်အတွက် ဖိအားပေးရေးကိရိယာတစ်ရပ်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။ အခြားဖြစ်ရပ်တစ်ခုတွင် ကိုလိုရာဒိုပြည်နယ်ရှိ ဆန္ဒပြပွဲတစ်ခု၌ မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံထားရသော အီဂျစ်နိုင်ငံသား မိုဟာမက် ဆာဘရီ ဆိုလီမန်၏ ဇနီးနှင့် သားသမီး ၅ ဦးကိုလည်း လပေါင်းများစွာ ထိန်းသိမ်းထားဆဲဖြစ်သည်။ ၎င်း၏ သမီးဖြစ်သူ ဟာဘီဘာ ဆိုလီမန်က “အစိုးရက ဘာသက်သေမှ မရှိဘဲ ကျွန်မတို့ကို ဘာကြောင့် ဆက်လက် ဖမ်းဆီးထားတာလဲ” ဟု စာရေးသား၍ မေးခွန်းထုတ်ခဲ့သည်။ ထိန်းသိမ်းခံထားရသူများက ဆေးကုသမှု မလုံလောက်မှုများကိုလည်း တိုင်ကြားထားကြသည်။ ရှေ့နေ ခရစ် ဂေါ့ရှ်ရှော–ဘန်းနက်က ကလေးငယ်တစ်ဦး အူအတက်ရောင် ဝေဒနာ ခံစားခဲ့ရသော်လည်း ဆေးကုသခွင့်ရရန် ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီး၊ တိုင်လီနော (Tylenol) သောက်ကာ အောင့်အည်း ခံနိုင်ရန်သာ ပြောဆိုခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။ စခန်းကို စီမံခန့်ခွဲနေသည့် ပုဂ္ဂလိကကုမ္ပဏီ CoreCivic ကမူ ၎င်းတို့အနေဖြင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်နေကြောင်းနှင့် ဆေးကုသမှုအဆင့်အတန်းမှာ အမြင့်ဆုံးဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။ သို့သော် ထိန်းသိမ်းခံထားရသူများအတွက် အနာဂတ်အခြေအနေမှာ မသေချာမရာ ဖြစ်နေဆဲဖြစ်သည်။ “ကျွန်မတို့ ဘယ်လောက်ကြာကြာ ဆက်လက် ထိန်းသိမ်းခံထားရမလဲ မသိပါဘူး။ ကျွန်မတို့ ဘဝတွေ ပျက်စီးနေပါပြီ” ဟု ဟာဘီဘာ ဆိုလီမန်က သူမ၏ စာတွင် ရင်ဖွင့်ရေးသားထားသည်။ ကိုးကား — AFP #လူဝင်မှုကြီးကြပ်ရေး #တက္ကဆက် #လူ့အခွင့်အရေး #ထိန်းသိမ်းရေးစခန်း #PSM_News Post navigation ဂျပန်လွှတ်တော်ရွေးကောက်ပွဲ — ဝန်ကြီးချုပ် ဆနဲ တာကာချီ ဦးဆောင်သည့် ပူးပေါင်းအစိုးရပါတီ အောက်လွှတ်တော် ထိုင်ခုံအများစု ရရှိ ပီတာ မန်ဒယ်ဆင် အရှုပ်တော်ပုံကြောင့် ဗြိတိန်ဝန်ကြီးချုပ် ကီးယား စတာမာအပေါ် နိုင်ငံရေးဖိအားများ မြင့်တက်လာ