PSM(News) ဖေဖော်ဝါရီ ၉၊ ၂၀၂၆ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းငယ်နှစ်ခု စခန်းစွန့်ခွာ သွားသဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ နောင်မွန်းမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်စခန်းငယ် နှစ်ခုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စခန်းစွန့်ခွာသွားကြခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အင်အား စုစည်းရန်အတွက် မြို့ပေါ်သို့ ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ အဆိုပါစခန်းများကို ပူတာအို PDF နှင့် KIA ပူးပေါင်းတပ်များက ဝင်ရောက်ရှင်းလင်းရာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သုံးစွဲခဲ့သည့် ‘ရာမ’ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါး အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း ပူတာအို PDF ထံမှ သိရသည်။ “စခ(စစ်ကော်မရှင်တပ်ဖွဲ့ဝင်)တွေ နေခဲ့တဲ့နေရာမှာ ရာမနဲ့ ဘိန်းဖြူ အများအပြား သုံးစွဲထားတာတွေ တွေ့ရတယ်။ ဒါမျိုးနဲ့ နိုင်ငံကို ကာကွယ်မှာလား”ဟု ပူတာအို PDF က အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် စစ်ကော်မရှင်တပ်များသည် ၎င်းတို့စွန့်ခွာခဲ့သည့် စခန်းဝန်းကျင်တွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ဖယ်ရှားရှင်းလင်းရေး လုပ်ဆောင်နေရပြီး၊ မိုင်းအန္တရာယ် အများအပြား ရှိနေနိုင်သေးသဖြင့် ဒေသခံပြည်သူများအနေဖြင့် အဆိုပါနေရာများသို့ သွားလာခြင်းမပြုကြရန် ပူတာအို PDF တပ်ဖွဲ့က အထူးသတိပေးထားသည်။ ဓာတ်ပုံ- ပူတာအို PDF #ပူတာအို #PDF #KIA #နောင်မွန်း #PSM_News Post navigation စစ်ကော်မရှင်၏ အတင်းအကျပ် စစ်မှုထမ်းခိုင်းစေမှုကို ငြင်းဆန်ကာ ပြည်သူ့စစ်မှုထမ်း (၇) ဦး ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံ စစ်ကော်မရှင်က အီရန်ထုတ် လောင်စာဆီများအသုံးပြုကာ ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် ဘာသာရေးဆိုင်ရာနေရာများကို ဗုံးကြဲတိုက်ခိုက်နေ