PSM(News) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆ အကြမ်းဖက်စစ်ကော်မရှင်သည် နိုင်ငံတကာပိတ်ဆို့မှုများကြားမှ ရရှိနေသည့် အီရန်နိုင်ငံထုတ် လေယာဉ်လောင်စာဆီများကို အသုံးပြုကာ ချင်းပြည်နယ်အတွင်းရှိ ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အရပ်သားလူထုကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။ စစ်ကော်မရှင်၏ ယင်းကဲ့သို့ အရပ်သားအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း CHRO က ပြင်းထန်စွာ ရှုတ်ချထားသည်။ စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့က မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များကို တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဒေသခံ အရပ်သားများသည် မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာရှိ Gospel Baptist ခရစ်ယာန်ဘုရားကျောင်း၌ ဝတ်ပြုကိုးကွယ်နေစဉ်အတွင်း ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး အရပ်သား သုံး ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ဘုရားကျောင်းဆောင်၊ စာသင်ကျောင်းနှင့် အရပ်သားနေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ စစ်ကော်မရှင်က ထိုနေ့တွင်ပင် မင်းတပ်မြို့ရှိ ဗုဒ္ဓဘာသာ ဓမ္မာရုံ တစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့၍ အဆောက်အဦ ပျက်စီးခဲ့ပြီး သံဃာတော်တစ်ပါး ဒဏ်ရာရရှိခဲ့သည့်အပြင် ကန်ပက်လက်မြို့ရှိ လူနေရပ်ကွက်တစ်ခုအတွင်းသို့လည်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သဖြင့် နေအိမ် ငါး လုံးထက်မနည်း ပျက်စီးသွားခဲ့သည်။ စစ်ကော်မရှင်သည် ယခင်ကလည်း ဘုန်းကြီးကျောင်းနှင့်ခရစ်ယာဉ်ဘုရားရှိခိုးကျောင်းများကို ဗုံးကြဲခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်ကလည်း ဖလမ်းမြို့နယ်၊ လင်တဲရွာရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းနှင့် Revival Baptist ဘုရားကျောင်းတို့မှာ စစ်ကော်မရှင်၏ ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရသည်။ “ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ ဘာသာရေးလွတ်လပ်ခွင့်ကို တိုက်ရိုက်စော်ကားတာဖြစ်ပါတယ်။ ဒါဟာ မတော်တဆဖြစ်ရပ်တွေမဟုတ်ဘဲ ဒါဟာ မတော်တဆဖြစ်ရပ်တွေမဟုတ်ဘဲ လူထုရဲ့ ကိုးကွယ်ယုံကြည်မှု အခြေခံတွေကို ဖျက်ဆီးဖို့ စနစ်တကျ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ပါတယ်” ဟု CHRO ၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်လင်းက ပြောကြားထားသည်။ စစ်ကော်မရှင်သည် ပြည်ပမှတင်သွင်းသော လေယာဉ်လောင်စာဆီများဖြင့် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းဖြစ်ပြီး လေယာဉ်ဆီရောင်းချပေးခြင်းသည် အားပေးကူညီနေခြင်းပင်ဖြစ်ကြောင်း CHRO က ထောက်ပြထားသည်။ လတ်တလော Reuters သတင်းဌာန၏ စုံစမ်းစစ်ဆေးမှုအရ အီရန်နိုင်ငံထုတ် လေယာဉ်လောင်စာဆီများသည် နိုင်ငံတကာပိတ်ဆို့မှုများရှိနေသော်လည်း စစ်ကော်မရှင်ထံသို့ ရောက်ရှိနေပြီး ၎င်းတို့၏ ဗုံးကြဲစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အထောက်အကူဖြစ်စေကြောင်း CHRO ထံမှသိရသည်။ ပုံစာ-စစ်ကော်မရှင်၏ ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်းတွေ့ရသည့် ဂျက်တိုက်လေယာဉ်နှစ်စင်။ (ပုံဟောင်း) #ချင်းပြည်နယ် #CHRO #စစ်ကော်မရှင် #လေကြောင်းတိုက်ခိုက်မှု #အီရန်လောင်စာဆီ #စစ်ရာဇဝတ်မှု #PSM_News Post navigation ပူတာအိုခရိုင် နောင်မွန်းမှ စစ်ကော်မရှင်တပ်များ စခန်းစွန့်ခွာ၊ KIA နှင့် PDF ပူးပေါင်းတပ်များ နယ်မြေရှင်းလင်းရာ၌ မူးယစ်ဆေးဝါးများနှင့် မြေမြှုပ်မိုင်းများ တွေ့ရှိ ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်းနှင့် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား၊ စစ်ကော်မရှင်ဘက်မှ ၁၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ