PSM(NEWS)ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆ ကိုဆိုဗိုသမ္မတဟောင်း ဟာရှင်မ်သာချီ သည် အယ်လ်ဘေးနီးယား တိုင်းရင်းသား ပြောက်ကျားတပ်ဖွဲ့များကို ထိန်းချုပ်ကွပ်ကဲခဲ့သူဖြစ်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သဖြင့် ၎င်းအား ထောင်ဒဏ် ၄၅ နှစ် ချမှတ်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှုဆိုင်ရာ အစိုးရရှေ့နေများက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ ဟာရှင်မ်သာချီ နှင့်အတူ ကိုဆိုဗိုလွတ်မြောက်ရေးတပ်မတော် (KLA) တပ်မှူးဟောင်း သုံးဦးတို့သည် ၁၉၉၈-၉၉ ခုနှစ်အတွင်း ဆားဘီးယားနိုင်ငံထံမှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းသည့် ပုန်ကန်မှုအတွင်း လူသားမျိုးနွယ်အပေါ် နှိပ်စက်ညှင်းပန်းခြင်း၊ လူသတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် လူပျောက်ဆုံးစေခြင်း စသည့် စွဲချက်များဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။ “တရားခံတွေဟာ ကိုဆိုဗိုဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ရဲ့ အတိုက်အခံလို့ ယူဆရသူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု အစိုးရရှေ့နေ ကင်ဘာလေဝက်စ်က သည်ဟိဂ်မြို့ရှိ တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ၁၉၉၈ နှင့် ၁၉၉၉ ခုနှစ်များအတွင်း နိုင်ငံရေးအတိုက်အခံများနှင့် ဆားဘီးယားလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းပေးဟု ယူဆရသူ ၁၀၀ ကျော် အသတ်ခံခဲ့ရပြီး KLA က ဖွင့်လှစ်ထားသည့် အကျဉ်းစခန်း ၅၀ ခန့်တွင် လူပေါင်း ရာနှင့်ချီ၍ နှိပ်စက်ခံခဲ့ရကြောင်း သူမက ဆက်လက်ပြောကြားသည်။ အသက် ၅၇ နှစ်အရွယ်ရှိ ဟာရှင်မ်သာချီ သည် ၂၀၀၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း လွတ်လပ်သော ကိုဆိုဗိုနိုင်ငံ၏ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းနှင့် အတူ စွဲချက်တင်ခံထားရသူများကမူ စွဲချက်အားလုံးကို ငြင်းဆိုထားကြသည်။ ဟာရှင်မ်သာချီ ၏ ရှေ့နေများကမူ ၎င်းသည် KLA တပ်ဖွဲ့ဝင်များနှင့် စစ်ဘက်ဆိုင်ရာ တပ်မှူးများအပေါ် အမှန်တကယ် အာဏာသက်ရောက်မှုမရှိဘဲ ဒေသန္တရ တပ်မှူးများ၏ ဆုံးဖြတ်ချက်ကိုသာ လိုက်နာခဲ့ရခြင်းဖြစ်ကြောင်း ယခင်က ချေပပြောဆိုထားသော်လည်း အစိုးရရှေ့နေများကမူ ၎င်းတို့သည် အမိန့်ပေးစေခိုင်းသူများဖြစ်ကြောင်း ခိုင်လုံသော သက်သေအထောက်အထားများ ရှိသည်ဟု ဆိုသည်။ ၁၉၉၀ ပြည့်နှစ်များနှောင်းပိုင်းက ကိုဆိုဗိုလွတ်လပ်ရေး တိုက်ပွဲအတွင်း လူပေါင်း ၁၃,၀၀၀ ကျော် သေဆုံးခဲ့ရပြီး အများစုမှာ ကိုဆိုဗို အယ်လ်ဘေးနီးယား တိုင်းရင်းသားများ ဖြစ်ကြသည်။ ကိုဆိုဗို အထူးတရားရုံးကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယခင် KLA ခေါင်းဆောင်များသည် ကိုဆိုဗိုနိုင်ငံအတွင်း အမျိုးသားလွတ်မြောက်ရေး သူရဲကောင်းများအဖြစ် သတ်မှတ်ခံထားရသဖြင့် သက်သေများအား ခြိမ်းခြောက်မှုများ ရှိနိုင်သည့်အတွက် တရားရုံးကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် အခြေစိုက်ကာ စစ်ဆေးနေခြင်း ဖြစ်သည်။ အစိုးရရှေ့နေများ၏ အဆိုအရ ဤအမှုသည် သက်သေများကို ခြိမ်းခြောက်မှုများ ရှိနေသည့် ကြားမှ စစ်ဆေးနေရခြင်းဖြစ်ပြီး ဟာရှင်မ်သာချီ နှင့် အခြားတရားခံများသည် တရားစီရင်ရေးကို နှောင့်ယှက်မှု အတွက်လည်း လာမည့် ဖေဖော်ဝါရီ ၂၇ ရက်တွင် သီးခြား အမှုရင်ဆိုင်ရမည် ဖြစ်သည်။ ကိုးကား – Reuters #ကိုဆိုဗို#သမ္မတဟောင်း#စစ်ရာဇဝတ်မှု#အစိုးရရှေ့နေ#ထောင်ဒဏ်_၄၅_နှစ်#PSM_News Post navigation တစ်တော့ (TikTok) ဗီဒီယိုအက်ပ်၏ လွန်ကဲစွာ ဆွဲဆောင်နိုင်သည့် ဒီဇိုင်းကြောင့် ဥရောပသမဂ္ဂက စည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆို ဒေါ်နယ်ထရမ့် အစိုးရ၏ ကန့်သတ်တားမြစ်ချက်ကို ချိုးဖောက်သည့် ရေနံတင်သင်္ဘောအား အမေရိကန်တပ်ဖွဲ့များ လိုက်လံပိတ်ဆို့စီးနင်း