PSM(News)

ဩဂုတ် ၈၊၂၀၂၆

အာဏာလုသမ္မတမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်နှင့် လွှတ်တော်သို့ လာရောက်သည့် အစီအစဉ်ကို ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လွှတ်တော်အမတ်တစ်ဦးတို့က ပြင်းထန်စွာကန့်ကွက်လိုက်သည်။

ချူလာလောင်ကွန်းတက္ကသိုလ်၊ သမ္မာဆတ်တက္ကသိုလ်နှင့် ကာဇက်ဆက် တက္ကသိုလ် တို့မှ ကျောင်းသားအဖွဲ့အစည်း ၁၉ ခုက မြန်မာနိုင်ငံ၏ အာဏာလုသမ္မတအား ထိုင်းအစိုးရက တရားဝင်လက်ခံတွေ့ဆုံခြင်းသည် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထိခိုက်စေကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့သည်။

မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုသည် အကြမ်းဖက်မှုများကို မြင့်တက်စေခဲ့ပြီး လူငယ်အများအပြား ပညာရေးအခွင့်အလမ်း ဆုံးရှုံးခဲ့ရကာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများပါ ခံစားနေရသည့် လူသားချင်းစာနာထောက်ထားမှု၊ ပတ်ဝန်းကျင်နှင့် ဒေသတွင်း လုံခြုံရေးအကျပ်အတည်းများကို ဖြစ်ပေါ်စေခဲ့ကြောင်း ကျောင်းသားများက ထောက်ပြထားသည်။ မြန်မာစစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်လာစေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ပေါက်လာစေရန် ဒေသတွင်းနှင့် နိုင်ငံတကာ စင်မြင့်များကို အသုံးပြုတွန်းအားပေးရန်လည်း ထိုင်းအစိုးရအား တိုက်တွန်းထားသည်။

ထို့အတူ မင်းအောင်လှိုင်၏ ထိုင်းပါလီမန်ခရီးစဉ်အတွင်း၌လည်း ဘန်ကောက်မြို့ လွှတ်တော်အမတ် အာနူဆွန် သမ်ဂျိုင်းက မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးယူဆောင်ရွက်ပေးရန် လူသိရှင်ကြား အော်ဟစ်တောင်းဆိုခဲ့သည်။ အစိုးရ၏ဧည့်သည်တော်အဖြစ် ရောက်ရှိလာသော မင်းအောင်လှိုင်အား အထက်လွှတ်တော် ဥက္ကဋ္ဌ မောင်ကွန် ဆူရာဆာဂျာက လက်ခံတွေ့ဆုံရန် စီစဉ်ထားသည့်အထူးဧည့်ခံဧရိယာသို့ အာနူဆွန် ရောက်ရှိလာပြီး အဆိုပါအခမ်းအနားကို လေ့လာရန်နှင့် မြန်မာနိုင်ငံ၏ အာဏာလုသမ္မတထံသို့ ပေးပို့မည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ပေးအပ်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပေးစာတွင် နယ်စပ်ဖြတ်ကျော် ပြဿနာများနှင့်ပတ်သက်၍ အရေးပေါ်အစီအမံများ ချမှတ်ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးရန် တောင်းဆိုထားသည်။ မင်းအောင်လှိုင်၏ ကိုယ်စားလှယ်အဖွဲ့ ဧည့်ခံဧရိယာသို့ ရောက်ရှိလာချိန်၌ အာနူဆွန်က “ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာထောက်ထားမှုအတွက်” ဟု ထပ်တလဲလဲ အော်ဟစ်ကာ ငြိမ်းချမ်းရေးကို တောင်းဆိုခဲ့ရာ လွှတ်တော်ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတာဝန်ရှိသူများ ဝင်ရောက်လာပြီး အဆိုပါနေရာမှ အပြင်သို့ ဖယ်ရှားခေါ်ထုတ်သွားခဲ့သည်။

မင်းအောင်လှိုင်၏ ယခုခရီးစဉ်သည် မြန်မာစစ်တပ်၏ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ပတ်သက်၍ ဖိအားများ ပိုမိုတိုးမြှင့်ပေးရန် တောင်းဆိုနေကြသော လူ့အခွင့်အရေးအဖွဲ့များ၊ တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားထု၏ ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုကို ဆက်လက်ရင်ဆိုင်နေရ သည်။

ကိုးကား-Khaosod

By Htet Ko