PSM(News)

ဩဂုတ် ၈၊၂၀၂၆

မြန်မာနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ် မစ္စတာ အာနိုး ဒီ ဘက်ခ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဩဂုတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သော တွေ့ဆုံမှုကို ကြိုဆိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများအား လုံးဝခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဩဂုတ်လ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

ယင်းတွေ့ဆုံမှုကို မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးအကြား အားလုံးပါဝင်သော အမျိုးသားဆွေးနွေးပွဲနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဆီသို့ ဦးတည်သည့် အပြုသဘောဆောင်သော အခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဖော်ပြထားသည်။ ထို့အပြင် ၎င်း၏ မိသားစုဝင်များ၊ တရားလွှတ်တော်ရှေ့နေများ၊ ကျွမ်းကျင်ပညာရှင်များနှင့် သင့်လျော်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်များအနေဖြင့် ပုံမှန်နှင့် တည်တံ့ခိုင်မြဲစွာ တွေ့ဆုံခွင့်ရရှိရေးအတွက် ယင်းက လမ်းခင်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုထားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းအားထုတ်မှုများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဤတိုးတက်မှုကို မှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများထံသို့ ဝင်ရောက်ခွင့်ကို ပိုမိုတိုးချဲ့ပေးရန် တိုက်တွန်းထားပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများအား လုံးဝခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုမှုကိုလည်း ထပ်လောင်းအတည်ပြုထားသည်။

ထပ်မံလုပ်ဆောင်မည့် အပြုသဘောဆောင်သော အခြေလှမ်းများသည် မြန်မာနိုင်ငံ၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိစေရန်အတွက် ယုံကြည်မှုတည်ဆောက်ရေးနှင့် ပိုမိုအဆင်ပြေချောမွေ့သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရေးတို့တွင် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

By Htet Ko