PSM (News) ဩဂုတ် ၈၊ ၂၀၂၆ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်တာတမံများမှ ရေပိုဖိတ်စင်ခြင်းနှင့် မူးမြစ်ရေ လျှံတက်ခြင်းတို့ကြောင့် မြို့နယ် ကိုး မြို့နယ်ရှိ ကျေးရွာပေါင်း ၁၅၀ ကျော် ရေနစ်မြုပ်လျက်ရှိပြီး ပြည်သူ ခြောက် ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHAREM)က ထုတ်ပြန်ထားသည်။ လက်ရှိတွင် သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတပ်ဆည်နှင့် ကာဘိုးဆည်တို့မှ ရေများ စိုးရိမ်မှတ်ကျော်လွန်နေသဖြင့် ရေတံခါးများအားလုံးကို ဖွင့်ချထားရခြင်းဖြစ်ပြီး ကောလင်း၊ ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ အရာတော်နှင့် ဝက်လက်မြို့နယ်များရှိ ကျေးရွာများမှာ ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ “ရေနစ်မြုပ်ဧရိယာ များပြားပြီး မိုးဆက်လက်ရွာသွန်းနေတဲ့အတွက် ဒေသခံပြည်သူတွေမှာ အရေးပေါ် အကူအညီတွေ အလွန်လိုအပ်နေပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ၊ ပအဖ နဲ့ ဒေသတွင်း ပရဟိတအဖွဲ့တွေက တတ်နိုင်သမျှ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမဲ့ လိုအပ်ချက်ကတော့ အရမ်းများနေပါတယ်” ဟု ဒေသခံ တစ်ဦးက PSM ကို ပြောသည်။ လက်ရှိအချိန်အထိ ရေကြီးမှုအတွင်း ပြည်သူ ခြောက် ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါးနှင့် နေရာထိုင်ခင်းများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။ ဓာတ်ပုံ-MOHAREM Post navigation စစ်ကိုင်းတွင် (၃၈) နှစ်ပြည့် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ပြုလုပ် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်က ၃၈ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်