PSM (News) ဩဂုတ် ၈၊ ၂၀၂၆ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ပြည်တွင်းရှိ စစ်မြေပြင်နယ်မြေများ၊ မြို့ကြီးများနှင့် ပြည်ပရောက် မြန်မာအဖွဲ့အစည်းများ ပူးပေါင်း၍ “၈” သင်္ကေတပါ အနီရောင် ထီးသပိတ် လှုပ်ရှားမှုများကို တစ်ပြိုင်နက် တည်း ဖော်ဆောင်ခဲ့ကြသည်။ ရန်ကုန်လူထုသပိတ်သည် ယနေ့ နံနက်အစောပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာစစ်သံရုံးရှေ့၌ အနီရောင် ထီးသပိတ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံရှိ မြန်မာစစ်သံရုံးရှေ့၊ ဂျပန်နိုင်ငံ ရှီဇုအိုကခရိုင်နှင့် ယူကေအပါအဝင် အနောက်နိုင်ငံများတွင်လည်း ပြည်ပရောက် မြန်မာများက ၈လေးလုံး အထိမ်းအမှတ် သပိတ်များကို ပြုလုပ်ခဲ့ကြသည်။ အလားတူ တော်လှန်ရေး နယ်မြေရှိ အာဏာလုစစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ဒဏ်ကြောင့် ပျက်စီးနေသော စာသင်ကျောင်းအတွင်း၌ တောင်ပိုင်းတိုင်း တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သည့် Cobra Column၊ Justice Soldier၊ Venom စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း စသည့် စစ်ကြောင်း လေးခု၊ ရန်ကုန် တော်လှန်ညီနောင် လေး ဖွဲ့နှင့် ရန်ကုန်လူထုသပိတ်တို့ ပူးပေါင်း၍ အနီရောင် ထီးသပိတ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ်က ကျောင်းစည်းရိုးကို စွန့်ခွာ၍ အာဏာရှင်ကို တော်လှန်ခဲ့ကြသည့် ကျောင်းသားများ၏ စိတ်ဓာတ်သည် ယနေ့ နွေဦးတော်လှန်ရေးအထိ ဆက်လက် ရှင်သန်နေဆဲဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWFM)၊ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM)၊ People Healthcare Network (ကလေး) တို့အပြင် ယင်းမာပင်၊ အောင်လံနှင့် ရွှေရေကြည် သပိတ် အင်အားစုများလည်း အသီးသီး ပါဝင်ခဲ့ကြသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်မူ အာဏာလု စစ်တပ်က မြို့တစ်ဝန်း စစ်ဆေးရေးများ တင်းကျပ် ထားသည့်ကြားမှ ဖားကန့်မှော်လည့်သပိတ်နှင့် ပြည်သူများက (၃၈) နှစ်ပြည့် ၈၈၈၈ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်ရေး လူထုသပိတ် လှုပ်ရှားမှုကို ဝံ့ဝံ့စားစား ဖော်ဆောင်ခဲ့ကြသည်။ ဓာတ်ပုံ-ရန်ကုန်သပိတ်အင်အားစု၊ Post navigation (၃၈) နှစ်ပြည့် ရှစ်လေးလုံးနေ့တွင် မြန်မာပြည်သူများနှင့်အတူ ဆက်လက် ရပ်တည်မည်ဟု EU နှင့် အနောက် နိုင်ငံ သံရုံးများ ထုတ်ပြန် စစ်ကိုင်းတွင် (၃၈) နှစ်ပြည့် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ပြုလုပ်