PSM (News)

ဩဂုတ် ၈၊ ၂၀၂၆

ယနေ့ ဩဂုတ် ၈ ရက်နေ့တွင် ကျရောက်သည့် (၃၈) နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံရုံး၊ ဗြိတိန်သံရုံး၊ နော်ဝေသံရုံးနှင့် ဂျာမနီသံရုံးတို့က သဝဏ်လွှာများ အသီးသီး ထုတ်ပြန်ခဲ့ကြပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ ကြိုးပမ်းမှုကို ဆက်လက် ထောက်ခံသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်တွင် လွန်ခဲ့သည့် ၃၈ နှစ်က မြန်မာပြည်သူ တစ်ရပ်လုံး စုစည်း၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လေးစားမှုတို့ကို တောင်းဆိုခဲ့ကြသည့် ရှစ်လေးလုံး အရေးတော်ပုံ၏ စိတ်ဓာတ် အားမာန်များမှာ ယနေ့တိုင် ဆက်လက် ရှင်သန်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ငြိမ်းချမ်း၍ တရားမျှတသော ဒီမိုကရေစီ အနာဂတ်အတွက် မြန်မာပြည်သူများ၏ ခိုင်မာသည့် သန္နိဋ္ဌာန်ကို ယူကေအစိုးရအနေဖြင့် ဆက်လက် ရပ်တည် ထောက်ခံသွားမည်ဟု အသိပေးထားသည်။

နော်ဝေသံရုံးကလည်း ဩဂုတ်လ ၈ ရက်နေ့သည် မြန်မာ့သမိုင်းတွင် အရေးပါသော အလှည့် အပြောင်းတစ်ခုဖြစ်ပြီး ဒီမိုကရေစီ အပြောင်းအလဲအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူများကို ဂုဏ်ပြု အသိအမှတ်ပြုကြောင်းနှင့် ပိုမိုတရားမျှတ၍ ငြိမ်းချမ်းသော အနာဂတ်အတွက် စွန့်လွှတ် အနစ်နာ ခံခဲ့ကြသူ အားလုံးကို အောက်မေ့ သတိရလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဂျာမနီသံရုံး၏ ထုတ်ပြန်ချက်တွင် ဩဂုတ်လ ၈ ရက်သည် မြန်မာပြည်သူများအတွက် သမိုင်းဝင်နေ့ တစ်နေ့ဖြစ်ရုံသာမက စိတ်ခံစားမှုအရပါ အရေးပါသည့်နေ့ ဖြစ်သည်ဟု ဆိုသည်။

သံရုံးအကြီးအကဲ Mr. Mathias Licharz အနေဖြင့် ရန်ကုန်မြို့တွင် တာဝန်ကျခဲ့သည့် ၁ နှစ်တာအတွင်း ငလျင်အပြီး ကူညီပေးခဲ့သူများ၊ လူငယ်များ၊ အထည်ချုပ်လုပ်သားများ၊ လယ်သမားများနှင့် ဘာသာရေး အသိုင်းအဝန်းများနှင့် တွေ့ဆုံခဲ့ရပုံများကို ပြန်လည် သုံးသပ်ရင်း ပြည်သူများ မျှော်လင့်ထားသည့် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် သတင်းစကား ပါးလိုက်သည်ဟု ဖော်ပြထားသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံရုံးကလည်း “ရှင်သန်နေဆဲ စိတ်ဓာတ် – ၂၀၂၆” ဟူသော အထိမ်းအမှတ် ပို့စတာဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီ စိတ်ဓာတ်ကို ဂုဏ်ပြု အသိ အမှတ်ပြုထားသည်။

By Htet Ko