PSM (News) ဇူလိုင် ၈ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် အာဏာလု စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ဒေသခံ Non-CDM ဝန်ထမ်း ကျောင်းဆရာမတစ်ဦးအား စစ်သားငါးဦးက အုပ်စုဖွဲ့၍ ၎င်း၏နေအိမ်၌ပင် အဓမ္မပြုကျင့်ခဲ့သည့် လူမဆန်သော ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အာဏာလုစစ်တပ်က မြို့ပြယန္တရား ပြန်လည်ပတ်ရန် ထိန်းချုပ်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု၏ နယ်မြေစိုးမိုးမှုအောက်ရှိ အရပ်သားပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၏ အသက်အိုးအိမ်နှင့် လုံခြုံရေး လုံးဝကင်းမဲ့နေမှုကို ပြသနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ အာဏာလုစစ်အုပ်စုမှ တပ်သား ငါး ဦးသည် ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့ ညပိုင်းက အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ကျောင်းဆရာမ ဇနီးမောင်နှံ နေထိုင်ရာ နေအိမ်ဘေးရှိ နှစ်ထပ် တိုက်သို့ စခန်းချရန် ရောက်ရှိလာချိန်တွင် အမျိုးသားဖြစ်သူမှာ ကြောက်လန့်တကြား ထွက်ပြေးတိမ်းရှောင် သွားခဲ့သဖြင့် နေအိမ်၌ ဇနီးဖြစ်သူ ဆရာမတစ်ဦးတည်း ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကျန်နေရစ်ချိန်တွင် အဆိုပါ စစ်သား ငါး ဦးက နေအိမ်အတွင်း အတင်းအဓမ္မ ဝင်ရောက်၍ ဆရာမကို ဝိုင်းဝန်းအဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။ ကာယကံရှင် အမျိုးသမီးသည် ဝတ်လစ်စလစ် အခြေအနေဖြင့် ၎င်းတို့လက်မှ ထွက်ပြေးလွတ် မြောက်ခဲ့ပြီး၊ အိမ်နီးနားချင်းများထံ အော်ဟစ်အကူအညီ တောင်းခံခဲ့ရကြောင်း ဒေသခံ သတင်းရင်း မြစ်များက PSM ကို အတည်ပြု ဖြေကြားသည်။ ဇနီးဖြစ်သူ အဓမ္မပြုကျင့်ခံနေရစဉ်အတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အမျိုးသားသည် အဆိုပါ စစ်ကြောင်းကို ဦးစီးနေသည့် အာဏာလုစစ်တပ်မှ ဗိုလ်ကြီးအောင်ကိုဝင်း၏ ဖခင်ဖြစ်သူ ဒေသခံ ဦးဝင်းအောင်ထံ သွားရောက်ကာ တားဆီးပေးရန် အကူအညီတောင်းခံခဲ့သည်။ သို့သော်လည်း စစ်ကြောင်းမှူး၏ ဖခင်ဖြစ်သူက “ညကြီးမို့ မတတ်နိုင်ဘူး၊ ဘာမှမလုပ်ပေးနိုင်ဘူး” ဟု ဆိုကာ ကူညီရန် ငြင်းဆန်ခဲ့ပြီး စစ်အုပ်စုအသိုင်းအဝိုင်းနှင့် ယင်းတို့နှင့် နီးစပ်သူများက အရပ်သားများ အပေါ် ကာကွယ်ပေးလိုစိတ် ကင်းမဲ့နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ အင်းတော်မြို့နယ်သည် ၂၀၂၅ ခုနှစ်အတွင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သော်လည်း ယခုနှစ် ဧပြီနှင့် မေလများတွင် အာဏာလုစစ်အုပ်စုက စစ်ကြောင်းထိုး၍ အင်းတော်မြို့၊ နဘားလမ်းဆုံနှင့် မော်လူးမြို့တို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ဇူလိုင်လ ၄ ရက်နေ့တွင် မဲဇာစံပြရွာကို ထပ်မံသိမ်းပိုက်ခဲ့သည်။ အာဏာလုစစ်တပ်သည် နယ်မြေ ပြန်လည်စိုးမိုးပြီးနောက် ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းများ ပြန်လည်လည်ပတ်ရန် Non-CDM ဝန်ထမ်းများကို ဖိအားပေး စည်းရုံးနေသော်လည်း ယခုဖြစ်စဉ်ကြောင့် ၎င်းတို့ကို ယုံကြည်၍ လုပ်ငန်းခွင်ဝင်ရောက်နေသည့် ဝန်ထမ်းများအတွက်ပင် အန္တရာယ်ရှိကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိတွင် အင်းတော်မြို့နယ်အတွင်းရှိ မော်လူး၊ နဘားလမ်းဆုံအနီးနှင့် အင်းတော်-ကသာ လမ်းပိုင်း များ၌ အာဏာလုစစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန် နေဆဲ ဖြစ်သည်။ ဓာတ်ပုံ-လုမှုကွန်ရက် Post navigation ဒီပဲယင်းနှင့် ရေဦးရွာချင်းဆက်လမ်းတွင် NUG အခွန်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တန်းက ရမ်းသန်းပစ်ခတ်သဖြင့် ကနီနှင့် မင်းကင်းဒေသခံ ၁၅,၀၀၀ နီးပါး စစ်ဘေးရှောင်နေရ