PSM(News)

ဇူလိုင် ၈၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်အစပ် ရွာချင်းဆက်လမ်းတွင် ယမန်နေ့ ဇူလိုင် ၇ ရက်နေ့ မွန်းလွဲပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အခွန်ဂိတ်၌ တာဝန်ထမ်းဆောင်နေသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ရေဦးမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် နေထိုင်ပြီး NUG ၏ အခွန်ဂိတ်တွင် နေ့စားအဖြစ် ကူညီလုပ်ကိုင်ပေးနေသူ ကိုမောင်စိုး ဖြစ်ပြီး ယမန်နေ့ ဇူလိုင် ၇ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် အမည်မသိ အမျိုးသားနှစ်ဦးက လက်ယက်ကုန်းကျေးရွာရှိ ၎င်း၏နေအိမ်သို့ လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ရေဦးမြို့နယ် မုတ်ဆီကျေးရွာနှင့် လက်ယက်ကုန်းကျေးရွာချင်း ဆက်လမ်း အမှတ် (၃) လက်တံတံတားအနီးတွင် ပစ်သတ်ခံထားရကြောင်း သိရ၍ သွားရောက်စုံစမ်း စစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက် စစ်ဆေးစဉ် ကိုမောင်စိုးမှာ ဦးခေါင်း (ဘယ်ဘက်နားထင်)သေနတ်ကျည်ထိမှန်ဒဏ်ရာ ၁ ချက် ၊ ဘယ်ဘက်လက်မောင်း သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာ ၁ ချက် ၊ ကျောဘက် ကျည်ဆန်ဖောက်ဝင်သည့် အပေါက်ငယ် ၄ ချက် ၊ ရင်ဘတ် ကျည်ဆန်ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

“လူသေမှုဖြစ်သွားတာ ဟုတ်ပါတယ်၊ သူက (NUG) အခွန်ဂိတ်မှာ တာဝန်ထမ်းနေတာပါ။ ခေါ်သွားသူ တွေက ဘယ်အဖွဲ့အစည်းကဆိုတာတော့ မသိရသေးပါဘူး။ အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးနေ ဆဲပါ” ဟု ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ဝင်တစ်ဦးက PSM ကို ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိခဲ့ရသော သေနတ်ကျည်ခွံများမှာ စစ်အုပ်စု၏ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ထုတ် ကျည်ခွံများဖြစ်နေသဖြင့် အဆိုပါ ပစ်ခတ်မှုကို စစ်အုပ်စုလက်ပါးစေ သို့မဟုတ် ပျူစောထီးများက MA သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရေဦးမြို့နယ်ရှိ သတင်းရင်းမြစ်က ဆိုသည်။

ကိုမောင်စိုး ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် အတိအကျ လုပ်ဆောင်ခဲ့သည်ကိုမူ PSM အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ တာဝန်ရှိသူ များက ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- CJ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed