PSM(News)

ဇူလိုင် ၇၊ ၂၀၂၆

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) အနေဖြင့် တပ်တစ်ခုလုံး အတိုင်း အတာဖြင့် ပြုလုပ်ခဲ့သည့် လေး လတာ ပြန်လည်စုဖွဲ့လေ့ကျင့်ခြင်းနှင့် စစ်ရေး၊ နိုင်ငံရေး စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်းစဉ်များ ပြီးမြောက်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ယခုအခါတွင် မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ စစ်ဆင်ရေးများကို အပြည့်အဝ ဖော်ဆောင်သွားတော့မည်ဖြစ်ကြောင်း ယနေ့ ဇူလိုင် ၇ ရက်တွင် အသိပေးထုတ်ပြန်သည်။

MDY-PDF သည် အဆိုပါ လေးလတာ ကာလအတွင်း ပြန်လည်စုဖွဲ့လေ့ကျင့်မှု သင်တန်းအပတ်စဉ် နှစ် ခုနှင့် အခြားသော စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ရှေ့ဆက်ထမ်းဆောင်ရမည့် တော်လှန်ရေးလုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း အခိုင်အမာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

“မိမိတို့အနေဖြင့် အဆိုပါ ပြန်လည်စုဖွဲ့လေ့ကျင့်မှုကာလအတွင်း စစ်ဆင်ရေးများကို အကန့်အသတ် ဖြင့်သာ ဖော်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါ မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ စစ်ဆင်ရေးများကို အပြည့်အဝ ဖော်ဆောင်သွားမည်” ဟု MDY-PDF က ဆိုသည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) အနေဖြင့် ပြည်သူလူထု တစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီရရှိရေး တိုက်ပွဲများကို မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့် အတူတကွ လက်တွဲလျက် ဦလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-MDY-PDF

By Htet Ko