PSM (News)

ဇူလိုင် ၈၊၂၀၂၆

ကနေဒါနိုင်ငံသည် ၎င်း၏ရေတပ်အတွက် ရေငုပ်သင်္ဘော ၁၂ စင်းအထိ တည်ဆောက်ရန် ဂျာမနီနိုင်ငံထုတ် TKMS ကုမ္ပဏီကို ရွေးချယ်လိုက်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။

ဤဆုံးဖြတ်ချက်သည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့အတွင်း ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ရန် ဖိအားများရှိနေချိန်တွင် ဥရောပနိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

TKMS ကုမ္ပဏီသည် တောင်ကိုရီးယားနိုင်ငံ၏ Hanwha Ocean ကုမ္ပဏီတင်သွင်းသော ယှဉ်ပြိုင်မှုအား ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ က ဟယ်လီဖက်စ်မြို့ရှိ သတင်းစာရှင်းလင်းပွဲတွင် “ဒီဝယ်ယူမှုဟာ ကနေဒါသမိုင်းမှာ အကြီးမားဆုံး ဝယ်ယူမှုတစ်ခု ဖြစ်လာမှာပါ” ဟု ပြောကြားခဲ့သည်။

ကနေဒါအနေဖြင့် အမေရိကန်၏ ဖိအားပေးမှုကြောင့် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်လျက်ရှိပြီး ယခုအခါတွင် ဂျာမနီ၏ 212CD အမျိုးအစား ရေငုပ်သင်္ဘောများကို ရွေးချယ်ခဲ့သည်။ အဆိုပါ ရေငုပ်သင်္ဘောများသည် အာတိတ်ရေပြင်တွင် လုပ်ဆောင်ရန်အတွက် အထူးဒီဇိုင်းထုတ်ထားပြီး NATO ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း သိရသည်။

TKMS ကုမ္ပဏီအနေဖြင့် ပထမဆုံး ရေငုပ်သင်္ဘော ၄ စင်းကို ၂၀၃၄ ခုနှစ်တွင် အချိန်မီပေးပို့နိုင်မည်ဟု ကတိပြုထားပြီး၊ ဝယ်ယူမှုဆိုင်ရာ တရားဝင်စာချုပ်ကို ၂၀၂၆ ခုနှစ်ကုန် သို့မဟုတ် ၂၀၂၇ ခုနှစ် နောက်ဆုံးထား၍ ချုပ်ဆိုသွားမည်ဖြစ်သည်။

Reuters

By Htet Ko