PSM(News) ဇူလိုင် ၈၊၂၀၂၆ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် အမျိုးသားတစ်ဦးသည် အမြင့် ၁၄၀ မီတာ (၄၆၀ ပေ) ရှိ ဘိုလ့်တံတား၏ တာဝါတိုင်ပေါ်သို့ တက်ရောက်ပြီး ကြီးမားသည့် ရုပ်ပြဇာတ်ကောင်ငှက်ရုပ်ပုံအား ဆေးမှုတ်ခြယ်သခဲ့မှုကြောင့် အင်္ဂါနေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ မြို့လယ်ခေါင်နှင့် မနီးမဝေးတွင် တည်ရှိသည့် အဆိုပါတံတားပေါ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အား အင်စတာဂရမ် အကောင့်တစ်ခုမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ၊ ထိုအမျိုးသားသည် တာဝါတိုင်ထိပ်တွင် ခြေထောက်ကို ချိတ်ဆွဲလျက် ထိုင်နေသည်ကို တွေ့ရသည်။ ၎င်းက ဩစတြေးလျတွင် အခွန်နှုန်းထားများ လျှော့ချပေးရန်နှင့် တံတားပေါ်သို့ ဒရုန်းဖြင့် မြေပဲထောပတ်သားညှပ်ပေါင်မုန့် ပို့ပေးမှသာ အောက်သို့ဆင်းမည်ဟု တောင်းဆိုခဲ့သည်။ ဤတောင်းဆိုမှုကြောင့် ရဲတပ်ဖွဲ့နှင့် အပြန်အလှန် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး တံတားတစ်ဖက်ကို ပိတ်လိုက်ရသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။ ဗစ်တိုးရီးယားပြည်နယ်ရဲတပ်ဖွဲ့မှ ယာယီရဲအရာခံဗိုလ် ပေါလ် ဟိုဂန် က “အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို တာဝါတိုင်ပေါ်မှ ဆင်းလာပြီးနောက် ဖမ်းဆီးလိုက်ပါတယ်။ သူက တံတားနံရံမှာ စပရေးဆေးဘူးနဲ့ ပန်းချီကားတွေ ရေးဆွဲခဲ့သလို ရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်ကိုလည်း ငြင်းဆန်ခဲ့ပါတယ်” ဟု ပြောကြားသည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းဖြစ်စဉ်ကို ဖြေရှင်းရန်အတွက် ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်များ၊ အဝေးပြေးလမ်းမကြီး ကင်းလှည့်ရဲတပ်ဖွဲ့၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အပါအဝင် အင်အားအလုံးအရင်းဖြင့် ချထားခဲ့ရသည်။ ယခုရေးဆွဲခဲ့သည့် ပုံသည် မဲလ်ဘုန်းမြို့ရှိ အဆောက်အအုံများတွင် မကြာခဏ တွေ့ရလေ့ရှိသည့် ‘ပမ် သီ ဘတ်’ ဟု ခေါ်ဆိုသော သင်္ကေတနှင့် ဆင်တူနေသည်။ သို့သော် အဆိုပါလူငယ် အောက်သို့ဆင်းလာစေရန် မည်သည့်အရာက ဆွဲဆောင်နိုင်ခဲ့သည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိပါ။ အင်စတာဂရမ် တွင်မူ “ပေါင်မုန့်မပါဘဲ ဒရုန်းကို အပေါ်ထိ ပျံတက်လာရဲတဲ့ ရဲတွေရဲ့ သတ္တိကို ချီးကျူးပါတယ်” ဟု ရေးသားထားသည်။ ကိုးကား-Reuters Post navigation ဒမတ်စကက်မြို့တွင် ပြင်သစ်သမ္မတ မက်ခရွန်၏ ခရီးစဉ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား ကနေဒါနိုင်ငံသည် NATO ထိပ်သီးအစည်းအဝေးမတိုင်မီ ဂျာမနီ၏ TKMS ကုမ္ပဏီထံမှ ရေငုပ်သင်္ဘောများ ဝယ်ယူရန် ရွေးချယ်