PSM (News) ဇူလိုင် ၈၊၂၀၂၆ ဩစတြေးလျနိုင်ငံသို့ ဘိန်းဖြူများ မှောင်ခိုသယ်ဆောင်ရာတွင် ထိုင်းလေကြောင်းလိုင်းမှ လေယာဉ်အမှုထမ်းတစ်ဦးကို အသုံးချခဲ့သည့် ဂိုဏ်းဝင်အားလုံးကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) က အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါကွန်ရက်တွင် လာအိုနိုင်ငံ၌ရှိသော မူးယစ်ဆေးဝါးပေးသွင်းသူများ၊ ထိုင်းနိုင်ငံအတွင်းရှိ ပို့ဆောင်ပေးသူများနှင့် ပြည်ပနိုင်ငံများတွင် လက်ခံမည့်သူများ၏ အမည်စာရင်းအားလုံးကို သိရှိထားပြီးဖြစ်ကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် ဆူရီယာ ဆင်ဟာကာမိုလ်က ပြောကြားခဲ့သည်။ ၎င်းဂိုဏ်းသည် ဘန်ကောက်မြို့မှတစ်ဆင့် ဩစတြေးလျနှင့် ထိုင်ဝမ်နိုင်ငံများသို့ ဘိန်းဖြူများ မှောင်ခိုသယ်ဆောင်ခဲ့သည့် အမှုပေါင်း ၄ ခုနှင့် ဆက်စပ်နေကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ထိုင်းလေကြောင်းလိုင်းမှ အသက် ၂၆ နှစ်အရွယ် မီးနားဆိုသူကို အသုံးချကာ ဇွန်လ ၂၅ ရက်နေ့က မဲလ်ဘုန်းမြို့သို့ ပျံသန်းသည့်လေယာဉ်ပေါ်တွင် ဘိန်းဖြူ ၁.၈ ကီလိုဂရမ်ကို အိတ်များအတွင်း ဖုံးကွယ်သယ်ဆောင်စေခဲ့ခြင်းဖြစ်သည်။ မီးနားကို မဲလ်ဘုန်းလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ဩစတြေးလျ၌ ထိန်းသိမ်းခံထားရသည်။ ၎င်းအနေဖြင့် အပြစ်ရှိကြောင်း ထင်ရှားပါက ထောင်ဒဏ် ၂၅ နှစ်အထိ ချမှတ်ခံရနိုင်ဖွယ်ရှိသည်။ သို့သော်လည်း ၎င်းသည် မိမိသယ်ဆောင်လာသည့်အိတ်များထဲတွင် မူးယစ်ဆေးဝါးများပါဝင်ကြောင်း မသိရှိခဲ့ဟု ထွက်ဆိုထားသည်။ “ဒီဂိုဏ်းဟာ လေယာဉ်အမှုထမ်းတွေအပြင် လေယာဉ်ပေါ်မှာ ကုန်ပစ္စည်းပို့ဆောင်ခွင့်ရောင်းချတဲ့သူတွေ၊ ကျောင်းသားတွေနဲ့ နိုင်ငံခြားကို မကြာခဏသွားလာလေ့ရှိတဲ့သူတွေကို အသုံးချလေ့ရှိပါတယ်။ အထူးသဖြင့် လေယာဉ်ပေါ်မှာ ခရီးဆောင်အိတ်တင်ဆောင်ခွင့် ကို ရောင်းချဖို့ ကမ်းလှမ်းလာသူတိုင်းကို သူတို့က ပစ်မှတ်ထားတာပါ” ဟု ရဲဗိုလ်ချုပ်ကြီး ဆူရီယာ က ရှင်းပြသည်။ လာမည့်သီတင်းပတ်အတွင်း၌ လာအိုနိုင်ငံတွင်ရှိသူများအပါအဝင်မူးယစ်ဆေးဝါးပေးသွင်းသူများနှင့် ဂိုဏ်းအတွက် ငွေကြေးလွှဲပြောင်းပေးသူများအားလုံးအတွက် ဖမ်းဝရမ်းများထုတ်ပြန်သွားရန် မျှော်လင့်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ကိုးကား-Bangkok Post Post navigation ကနေဒါနိုင်ငံသည် NATO ထိပ်သီးအစည်းအဝေးမတိုင်မီ ဂျာမနီ၏ TKMS ကုမ္ပဏီထံမှ ရေငုပ်သင်္ဘောများ ဝယ်ယူရန် ရွေးချယ် အာဂျင်တီးနားနှင့် ဆွစ်ဇာလန်အသင်းတို့ ကွာတားဖိုင်နယ်သို့ တက်